[Zawgyi]
စုစုပေါင်းလူဦးရေက အနည်းငယ်ထပ်၍ လျော့ကျသွားခဲ့သည်။ ချန်းကတော့ စခန်းပြောင်းရွှေ့သည့်လမ်းခရီးတွင် ကျဆုံးသူများရှိခဲ့သည်ဟုဆိုသော်လည်း စခန်း၏အခြေအနေက အနည်းငယ်ထူးဆန်းနေသည် ဟုမင်ဆော့တွေးနေမိသည်။ မိမိတို့၏ရဲဘော်များပျောက်ဆုံးသွားသော်လည်း ဘယ်သူမှဝမ်းနည်းကြေကွဲမနေကြပေ။ စခန်းကိုလွှမ်းခြုံထားသော အငွေ့အသက်တို့က ဝမ်းနည်းကြေကွဲခြင်းထက် အာဃာတစိတ်များ၊ ဒေါသမီးလျှံများကဖြင့် ပြည့်နှက်နေသလိုပင်။ သင်ထားသော ဟင်းသီးဟင်းရွက်များကိုချေမွ၍ ဒေါသဖြေနေသော ဦးလေးဟွမ်ကိုကြည့်နေရင်း စိတ်ထဲတွင်တစ်မျိုးဖြစ်နေမိသည်။ အစားအသောက်တာဝန်ယူသောလူအင်အားမှာ သုံးယောက်မှနှစ်ယောက်သို့လျော့ကျသွားသည်။ ထိုညနေတွင် ခရစ်(စ်)က ထပ်မံ၍ စင်မြင့်ပေါ်တွင်ရပ်ကာ အသစ်တဖန်ပြန်လည်မွေးဖွားခြင်းနှင့် အနိုင်ရနိုင်ရန်အတွက် အားတင်းထားရမည်ဟု စိတ်ဓာတ်တက်ကြွလာစေရန် လှုံဆော်ပေးခဲ့သည်။ ပြတ်တောင်းပြတ်တောင်း နားလည်မိသောစကားလုံးများကိုဆက်၍ ကြိုးစားပမ်းစား ဦးနှောက်သုံးကြည့်သော်လည်း ဘယ်လိုအခြေအနေဖြစ်နေလဲကို မင်ဆော့နားမလည်နိုင်ခဲ့ပေ။
အချိန်တော်တော်ပေးပြီးရှင်းလင်းလိုက်သော်အခါ တဲအတွင်းကလှပသေသပ်သွားခဲ့သည်။ ရူဟန်မှာသွားသည့်အတိုင်း ရူဟန့်အထုပ်အပိုးများကိုမဖြည်ပဲနှင့် သေတ္တာထဲသို့ထည့်ကာ ကုတင်ခြေရင်းတွင်ထားလိုက်သည်။ ရူဟန်က သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းနေသောတဲအတွင်းကိုကြည့်၍ အတော်ကြီးပင် အံ့သြသဘောကျသွားသော်လည်း တကယ်တမ်းတော့ ထိုတဲကိုအသုံးမပြုနိုင်ခဲ့ပေ။ မင်ဆော့သည် ရူဟန်၏အဝင်အထွက် အငွေ့အသက်ကို လွယ်လွယ်ကူကူနှင့် မတွေ့နိုင်ခဲ့။ စခန်းသစ်သို့ရောက်၍ နှစ်ရက်မြောက်သောနေ့မှစ၍ ရူဟန်အားအရိပ်ယောင်ပင် မမြင်ရတော့ပေ။
အသစ်တဖန်ပြန်လည်အုတ်မြစ်ချရသောကြောင့် ရှုပ်ထွေးပွေလီလှသောနေ့ရက်များကုန်ဆုံးသွားခဲ့သည်။ စခန်းတွင်းမှ လူများအားလုံး တဖန်ပြန်၍ အလုပ်များလာကြသည်။ ရူဟန်ဘယ်မှာရှိလဲမေးရန် ချန်းကိုသွားရှာသောအခါ အဆောက်အဦအတွင်းပိုင်း ခံစစ်တည်ဆောက်နေရသောကြောင့် အလုပ်အရမ်းများနေသည်ဟုပြောသည်။ မင်ဆော့သည် ရူဟန့်အားတွေ့ရဖို့နေနေသာသာ အလုပ်များပင်ထပ်၍အခိုင်းခံလိုက်ရသေးသည်။ မီးဖိုချောင် စီမံခန့်ခွဲရေးနှင့် အစားအသောက်စုဆောင်းရေးတာဝန်များကို ပိုလုပ်ရဦးမည်ဖြစ်ကြောင်းပြောကာ အားနာနေသောချန်းအား ရပါတယ်ဟုပြောကာ ရယ်ပြလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာအတွက် အနည်းငယ်ပင်ဖြစ်စေ အကူအညီဖြစ်ပါက ဘာပဲဖြစ်ဖြစ်လုပ်ဖို့အဆင်သင့်ပင်ဖြစ်သည်။
YOU ARE READING
Rainy Spell