[Zawgyi]
အပြန်ခရီးက ဝေးလွန်းလှသည်။ စခန်းသို့ပြန်လာတိုင်းတွင် တ
စ်ကြိမ်နှင့်တစ်ကြိမ် မတူသည့်လမ်းကြောင်းမှ ပြန်လာရသည်။ တစုံတယောက် နောက်ယောင်ခံလိုက်လာလျှင် ကြိုတင်ကာကွယ်နိုင်အောင်ဖြစ်သည်။ ဒီနေ့မှ ရွေးလိုက်မိသောလမ်းတွင် နွယ်ပင်များနှင့် သစ်ကိုင်းသစ်ခက်များ ပြည့်နှက်နေသောကြောင့် စိတ်ထဲတွင်ထင့်နေခဲ့သည်။ လေးသည် ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။ နှုတ်ခမ်းအား ဖိကိုက်ထားသော ရူဟန်၏မျက်နှာ အရိပ်အကဲမှာ မဟန်လှပေ။ သွေးက လွယ်လွယ်နှင့်မတိတ်သောကြောင့် ပခုံးနှင့်လက်မောင်းအပေါ်ဘက်အား ပတ်ထားသည့်ပတ်တီးပေါ်သို့ သွေးများက မကြာခဏစိမ့်ထွက်နေသည်။ ရူဟန်က တခါတရံ မူးဝေကာ ခြေလှမ်းများ ယိမ်းယိုင်လာသည်။ လေးကကျောပိုးမည်ဟု ပြောသော်လည်း ရူဟန်ကခေါင်းရမ်းပြသည်။ ခေါင်းမာသောမျက်နှာထားကြောင့် လေးက စိုးရိမ်ပူပန်သောအကြည့်ဖြင့်သာ ရှေ့ကလျှောက်ခဲ့သည်။သွေးကောင်းကောင်းတိတ်သွားလျှင်ပဲ အများကြီးစိတ်ချရမည်ဖြစ်သည်။ လေးက မျက်မှောင်ကြုတ်လိုက်မိသည်။ ရူဟန်၏ဒဏ်ရာက တော်တော်ပြင်းလေသည်။ ကျည်ဆံကဖြတ်ရုံဖြတ်သွားခြင်းဖြစ်သော်လည်း ဖြတ်သွားသည့်အရှိန်ကြောင့် ဝန်းကျင်မှအရေပြားက ရစရာမရှိအောင် စုတ်ပြဲကုန်ကြသည်။ အသားထဲသို့ ထိုးမဝင်သွားသည်မှာ ကံကောင်းလွန်းလှသည်။ သွေးမြန်မြန်မတိတ်ဘူးဆိုလျှင် မကြာခင်ပင် ဒဏ်ရာတွင် ပတ်တီးများရောထွေးကာ ခဲကုန်တော့မည်။ ပူလောင်၍ စိုစွတ်စွတ်ရာသီဥတုတွင် ဒဏ်ရာဒီထက်ပိုမဆိုးလာခင် မြန်မြန်ပြန်၍ ဆေးထည့်မှဖြစ်မည်။ စိတ်လောလာသောကြောင့် လေးကနှုတ်ခမ်းတို့ကို ဖိကိုက်လိုက်သည်။ ရူဟန်ဒဏ်ရာရခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်သောကြောင့် စိတ်ထဲတွင် ပို၍မကောင်းဖြစ်နေမိသည်။ ဘာရယ်မဟုတ် ရူဟန်၏လက်ကိုတင်းနေအောင် ဖိဆုပ်လိုက်သည်။ ရတယ် ဟုခပ်တိုးတိုး ပြန်လည်ရေရွတ်ရင်းဖြင့် ရူဟန်တစ်ယောက် ထူထည်းသိပ်သည်းလှသောတောအုပ်ကို ဖောက်တိုးလိုက်သည်။
~•~•~•~•~•~•~•~•~•~
ထူးမခြားနားသော ညနေခင်းဖြစ်သည်။ ရိုးရှင်းသော အစားအသောက်များကို ပြင်ဆင်ထားသည်။ အခုလေးပင်ကျက်ထားသော အနေတော်ထမင်းနှင့် အရွက်ကြော်နံ့တို့က အစားစားချင်စိတ်ကို လှုံ့ဆော်နေကြသည်။ မီးဖိုချောင်တာဝန်ယူထားရသော လူလတ်ပိုင်းအရွယ် လူတစ်ယောက်က အထဲဝင်လာသော မင်ဆော့အားလက်လှမ်းပြသည်။ မင်ဆော့က ငုံ့၍နှုတ်ဆက်လိုက်ပြီး တာဝန်ကျသောနေရာတွင် ဝင်ရပ်လိုက်သည်။ ခြေဟန်လက်ဟန်ကတစ်ဝက် တရုတ်စကားကတစ်ဝက်ဖြစ်သော်လည်း အခုတော့ မျက်ရိပ်မျက်ခြည်ကြည့်ကာ အကြမ်းဖျင်း နားလည်နိုင်နေပြီဖြစ်သည်။ ဒီနေ့ မင်ဆော့တာဝန်ယူရသည်မှာ အရွက်ကြော်ထည့်ပေးသော နေရာတွင်ဖြစ်သည်။ ကြုံသည့်အချိန်တွင် ကြုံသလိုစားနေကြသော ခရစ်(စ်)နှင့်ချန်းသည်လည်း ဒီနေ့တော့ အချိန်မှန်ထမင်းစားနေကြပုံပင်။ နှစ်ယောက်သား စောစောစီးစီး ထောင့်တစ်နေရာတွင် မျက်နှာချင်းဆိုင်ထိုင်၍ ခပ်တိုးတိုး စကားပြောနေကြသည်။ လေးနက်သော မျက်နှာထားနှင့် ခပ်မြန်မြန်စကားပြောနေသောချန်းအား ငေးကြည့်နေသော ခရစ်(စ်)၏အကြည့်တို့က နူးညံ့ညင်သာလှသည်။
YOU ARE READING
Rainy Spell