[19]

4.6K 508 57
                                    

[Zawgyi]

ချန်းက စိတ်လှုပ်ရှားနေဟန်ဖြင့် ရုံးခန်းထဲတွင်စောင့်နေခဲ့သည်။ ခရစ်(စ်)ထွက်သွားခဲ့သည်မှာ ငါးနာရီကျော်သွားပြီဖြစ်သည်။ တောအုပ်တစ်ခုလုံး နိုးထလာသံက အခြားရက်များနှင့် ထူးမခြားနားပင်ဖြစ်သော်လည်း စခန်းအခြေအနေက ဆတ်တောက်တင်းမာနေခဲ့သည်။ ချန်းသည် ခန့်မှန်းထားသော စာရွက်စာတမ်းများပေါ်အခြေခံ၍ အချိန်ကိုတွက်ကြည့်လိုက်ရင်း တစ်ဖွဲ့ချင်းစီ၏အခြေအနေကို အတွေးနှင့်ပုံဖော်နေမိသည်။

ရူဟန်ကတော့ အရင်လိုပင် ဘယ်သူမှမမြင်နိုင်သောနေရာတစ်ခုတွင် နေရာယူထားမည်ပဲဖြစ်မည်။ ဦးလေးဟွမ်းက Backup လုပ်ပေးမည်ဆိုလျှင် သိပ်တော့ စိတ်ပူစရာမရှိပါ။ ထာအိုနှင့်လေးတို့၏အဖွဲ့များသည်လည်း ဒီအချိန်ဆိုလျှင် လူယောင်ဖျောက်ပုန်းခိုပြီးလောက်ပြီဖြစ်သည်။ သူတို့က ကြိုတင်ပြင်ဆင်ထားသော ပုန်းအောင်းသည့်နေရာတွင် အသင့်ပြင်ရင်း နေဝင်သည်ကိုစောင့်နေကြမည်ဖြစ်သည်။ နောက်ဆုံးအနေနှင့် ခရစ်(စ်)၏အဖွဲ့က ဆက်သွယ်ရေးကို နားစွင့်ပြီး အခွင့်ကောင်းကိုစောင့်မည်ဖြစ်သည်။ နေဝင်သွား၍ ခရစ်(စ်)ကအချက်ပြလိုက်သည်နှင့်တပြိုင်နက် လေးနှင့်အဖွဲ့က ရန်သူ့ဆက်သွယ်ရေးစခန်းကို ဝင်သိမ်းပြီး ဆက်သွယ်ရေးစခန်း၏မီးများမှိတ်သွားမည်ဖြစ်သည်။ ဆက်သွယ်ရေးစခန်း၏ မီးများမှိတ်သွားသည်ကို တွေ့သည်နှင့်တပြိုင်နက် ရူဟန်၏ပစ်ခတ်မှု စတင်လိမ့်မည်။ ကျယ်လောင်စွာမြည်ဟိန်းသွားမည့် သေနတ်သံ...၊ ထိုသေနတ်သံက တိုက်ပွဲဖွင့်သံပင်ဖြစ်လိမ့်မည်။ ချန်းသည် လက်နှစ်ဖက်အားစုစည်းဆုပ်ကိုင်လိုက်မိသည်။ လက်ဖဝါးတွင်တော့ ချွေးစေးများဖြင့် စိုစွတ်နေခဲ့ပြီဖြစ်သည်။

အားလုံးဘေးကင်းကြပါစေ။

~•~•~•~•~•~•~•~

စိတ်လှုပ်ရှားမှုကြောင့် ရင်ဘတ်တစ်ခုလုံးမွန်းကျပ်လာသဖြင့် အကြိမ်ပေါင်းများစွာ ဝင်သက်ထွက်သက်ကိုထိန်းနေရသည်။ ရူဟန်ထွက်သွားပြီးနောက် ဘယ်နှစ်ကြိမ်မြောက် နာရီအားလှမ်းကြည့်နေမိမှန်းပင် မသိတော့ပေ။ ရပ်တန့်နေသောအချိန်များကို ဘယ်လိုကုန်ဆုံးရမလဲ သောကရောက်နေခဲ့သော မင်ဆော့က ချန်းစီစဉ်ပေးထားသော စာရွက်သုံးလေးရွက်ကိုထုတ်လိုက်သည်။ ချန်းသင်ပေးထားသော ပြောရမည့်စကားများကို ပြန်လည်စေ့စစ်ပြီး၊ ရူဟန်သင်ပေးခဲ့သောစကားများကိုလည်း မှတ်ပြီးရင်းမှတ်နေလိုက်သည်။ အာရုံများကိုစူးစိုက်၍မရသဖြင့် အတွေးများက မဟုတ်သည့်နေရာသို့ မကြာခဏဝေ့လည်သွားသော်လည်း ဦးနှောက်ထဲသို့ အတင်းအဓမ္မပင် စာလုံးများအားထိုးသွင်းနေမိသည်။ တပ်မတော်ဘက်မှလူများနှင့်တွေ့လျှင် ရူဟန်သင်ပေးခဲ့သောစကားကိုပြောပြီး၊ ထို့နောက်တွင်တော့ ချန်းသင်ပေးထားသောအချက်အလက်များကို ပြောနိုင်လျှင်ရပြီဖြစ်သည်။ အနည်းငယ်တော့ ကြောက်နေမိသော်လည်း မိမိလုပ်ရမည့်အလုပ်က တာဝန်ကြီးလှသောကြောင့် စိတ်ထဲတွင်တည်ငြိမ်လေးနက်နေခဲ့သည်။ တစ်လုံးမကျန်မှတ်မိသွားကြောင်း သေချာမှ မင်ဆော့က အချိန်ကိုလှမ်းကြည့်သည်။ အခုမှ မွန်းတည့်ပြီးသည်ဆိုရုံပင်။ စစ်ဆင်ရေးအောင်မြင်ခဲ့လျှင် ရူဟန်က မနက်ဖြန်မနက် အရုဏ်တက်ချိန်လောက်မှ ပြန်လာမည်ဖြစ်သည်။ နောက်တစ်ရက်အရုဏ်တက်သည့်အထိကို တစ်ကမ္ဘာလောက်ကြာမြင့်သည်ဟု ခံစားနေမိသောမင်ဆော့သည် သက်ပြင်းကိုသာ ခပ်သာသာချလိုက်မိသည်။

Rainy SpellWhere stories live. Discover now