[23] Final

8.6K 799 205
                                    

[Zawgyi]

မိုးပြေးများက တဖွဲဖွဲသွန်းကျလာသည်။ မိုးရာသီ ကုန်ဆုံးတော့မည်ဟု အသိပေးလာသော နှုတ်ဆက်မိုးများပင်။

အလုပ်သင်ကာလလည်း ပြီးဆုံးတော့မည်ဖြစ်သည်။ အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းကြားလိုက်ရသည်။ စိုစွတ်စွတ်ရာသီဥတုကြောင့် တစ်နေကုန် ပူအိုက်အိုက်ဖြစ်နေရာမှ အပြင်ဘက်တွင် ကောင်းကင်က မသိမသာမှောင်လာခဲ့သည်။ မီးခိုးရောင်တိမ်တိုက်များ တဝဖုံးအုပ်ထားသော ကောင်းကင်ကြီးက ရုတ်တရက်မှောင်မိုက်လာရာမှ လေးလံသောမိုးရေစက်များ တတောက်တောက်ပြုတ်ကျလာခဲ့သည်။ ပလက်ဖောင်းပေါ်သို့ သွန်းကျစင်ထွက်လာသော အရှိန်ပြင်းသည့် မိုးရေစက်များနှင့် မြေသင်းနံ့ခပ်ပြင်းပြင်းတို့ကြောင့် မင်ဆော့ မျက်မှောင်များကို ကြုတ်လိုက်မိသည်။ ထီး... မပါလာဘူးကို။ ဒီလောက်မိုးပြေးဆိုလျှင် နာရီဝက်လောက်နေလျှင် တိတ်သွားလောက်သည်။ မင်ဆော့သည် အေးအေးဆေးဆေး အချိန်ယူရန်ဆုံးဖြတ်လိုက်သည်။ ပထမထပ်တွင်ရှိသော ကော်ဖီစက်ရှိရာသို့ပြန်တက်သွားပြီး နို့ကော်ဖီတစ်ခွက်ကိုရွေး၍ အပြင်သို့ထွက်လာခဲ့လိုက်သည်။ မိုးများရွာသွန်းနေသည့်မြင်ကွင်းကို ငေးကြည့်နေရင်း ပန်းခြံတစ်နေရာမှ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ထီးကိုဆောင်း၍ ခပ်သွက်သွက်လှမ်းနေကြသော လူများကိုသာ အဓိပ္ပာယ်မရှိငေးကြည့်နေမိသည်။ အတိတ်များက အိပ်မက်တစ်ခုလိုပင် ဝေဝါးလွန်းနေခဲ့သည်။ အဲသည့် မိုးရေများကြား ဆုံတွေ့ခဲ့ဖူးသော ကောင်လေးတစ်ယောက်နှင့် သူ့ကိုချစ်သောအချစ်တို့ကတော့ အခုအချိန်တွင် ပြန်မရနိုင်တော့သည့် အမှတ်တရများဖြစ်ကုန်ကြသည်။

လွန်ခဲ့သောလေးနှစ်က အကြောင်းအရာများပင်ဖြစ်သည်။ မင်ဆော့၏ဖုန်းကို လက်ခံရရှိသော မိဘများသည် နောက်တစ်ရက်တွင် မင်ဆော့အား ချက်ချင်း ပြန်လည်ထူထောင်ရေးဆေးရုံမှ ဆင်းခိုင်းခဲ့သည်။ လုံးဝသေကြောင်းမကြံစည်ပါဘူး ဟူသည့်ကတိကိုပေးပြီးနောက်တွင်ဖြစ်သည်။ သို့သော်လည်း မယုံကြည်နိုင်သေးသလို တွေဝေနေသောမိခင်၏မျက်လုံးများကိုကြည့်၍ မင်ဆော့သည် စိတ်ချပါဟူသည့်အဓိပ္ပာယ်ဖြင့် ပြုံးပြလိုက်သည်။ ဒီလိုဖြစ်စေချင်လို့ သူ့ကိုခေါ်လိုက်တာမဟုတ်ဘူးလား။ ချန်းကိုရည်ရွယ်သောစကားပင်။ အမေက ထိုအခါမှ အနည်းငယ်စိတ်အေးသွားဟန်ဖြင့် မင်ဆော့အား ထွေးပွေ့ခဲ့သည်။ အိမ်သို့ပြန်လာသောလမ်းတစ်လျှောက်တွင် မင်ဆော့သည်တစ်လမ်းလုံး အတွေးနွံထဲနစ်နေခဲ့သည်။

Rainy SpellWhere stories live. Discover now