ဒီလိုအဖြစ်မျိုး မဖြစ်ဖူးသလောက်ပဲ၊ ဟုချန်းကပြောသည်။
စခန်း၏ အခြေအနေကတော့ ဖရိုဖရဲပင်ဖြစ်သည်။ စုစုပေါင်း ရန်သူဆယ့်သုံးယောက် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး တစ်ယောက်မကျန် သုတ်သင်နိုင်ခဲ့သည်။ ဒီဘက်တွင်တော့ ဂျူဂျင်းအပါအဝင် ရဲဘော်ငါးယောက်အား ဆုံးရှုံးခဲ့ရသည်။ သေးငယ်သောစခန်း၏ပုံစံက တစ်ဆင့်ထပ်၍ ကျုံ့ဝင်သွားခဲ့သည်။ နက်ရှိုင်းသောတောအုပ်၏ အတွင်းဘက် သစ်ပင်ကြီးတစ်ပင်အောက်၌ ရဲဘော်တို့အား မြေမြှုပ်ခဲ့သည်။ မထူးဆန်းတော့သလို မြေစိုင်မြေခဲများကို ဖုံးအုပ်လိုက်ကြသော်လည်း အားလုံးက လေးဆေးတည်ငြိမ်နေကြသည်။ မင်ဆော့သည် ဂျူဂျင်းအားမြှုပ်ထားသောနေရာမှ အတော်ကြာကြာ မခွာနိုင်ခဲ့ပေ။ တိုတောင်းသော အချိန်ဆိုနိုင်သော်လည်း ခင်မင်မှုဟူသည်မှာ တိုင်းတာ၍မရနိုင်သော ခံစားချက်ပင်။ ဒီနေရာတွင် ပထမဦးဆုံးနှင့် ကံမကောင်းလျှင် နောက်ဆုံးလည်းဖြစ်နိုင်နေသော တစ်ဦးတည်းသောသူငယ်ချင်း၏ အဆုံးသတ်နားခိုရာဖြစ်သည်။ မင်ဆော့သည် တွဲခိုစပြုလာသော မျက်ရည်စတို့ကို မနည်းချုပ်တည်းလိုက်သည်။ မသိချင်ယောင်ဆောင်ပေးနေသော ချန်းကို ကျေးဇူးတင်လှသည်။ အတန်ကြာကြာ ငြိမ်သက်နေပြီးနောက် မင်ဆော့ တိုးတိတ်စွာမေးလိုက်မိသည်။
" မင်းတို့...ဘာလို့ စစ်တိုက်နေတာလဲ"
တကယ်တမ်းတော့ အစကတည်းက မေးသင့်နေသော မေးခွန်းတစ်ခုပင်ဖြစ်သည်။ ချန်းက မင်းဆော့အား တစ်ချက်လှမ်းကြည့်၍ အောက်သို့မျက်လွှာချသွားခဲ့သည်။ ဘယ်ကစ၍ ဘယ်အထိပြောပြရမလဲ စဉ်းစားရခက်နေခဲ့သည်။ အဝေးတစ်နေရာမှ တည်ငြိမ်သာယာသော လေနုအေးတို့ တိုက်ခတ်လာသည်။ တိတ်ဆိတ်မှုကိုဖြိုခွင်း၍ ငှက်များက ဆူညံစွာတွန်ကျူးလိုက်သည်။ ချန်းက ခက်ခက်ခဲခဲပင် စကားစလာသည်။
"အဲဒါ...လွယ်လွယ်ပြောရရင်တော့ လွတ်လပ်ရေးတိုက်ပွဲပေါ့။ တရုတ်မှာက လူမျိုးစုတွေများတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးရတဲ့ လူမျိုးစု သိပ်ရှားတယ်။ ငါ့လိုမျိုး...အင်း...ဂျိုဆောင်လူမျိုးတွေကတော့ ကံကောင်းသွားတာပေါ့။ ဒါပေမယ့် ငါတို့က ကိုယ်ပိုင်အုပ်ချုပ်ရေးလိုမျိုး ကြီးကြီးကျယ်ကျယ်တွေ လိုချင်လို့ တိုက်နေကြတာမဟုတ်ပါဘူး။ ငါတို့က လွတ်လပ်တဲ့လူမျိုးစုအနေနဲ့ အသိအမှတ်ပြုခံချင်ရုံသက်သက်ပဲ။ ထပ်ရှုပ်အောင်ပြောရရင်တော့ ဒီတောအုပ် ပိုင်ဆိုင်ခွင့်နဲ့လည်း ပတ်သက်နေပြီး၊ ဟိုဘက်ကနေ ငါတို့ကို အသိအမှတ်မပြုပေးတဲ့ အကြောင်းအရင်းကတစ်ခုပဲရှိတယ်။ ဒီတောအုပ် ပိုင်ဆိုင်ခွင့် ငါတို့လက်ထဲရောက်လာမှာမို့လို့ပဲ"
![](https://img.wattpad.com/cover/43448272-288-k199256.jpg)
YOU ARE READING
Rainy Spell