[7]

5.3K 603 11
                                    

ဝမ်းနည်းပူဆွေးမှုများက တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။ စခန်းသည် ပုံမှန်အခြေအနေအတိုင်း ပြန်လည် လည်ပတ်စပြုလာပြီဖြစ်သည်။ ချန်းပြောသည့်အတိုင်းဆိုလျှင်တော့ စခန်းတွင်းအထိဝင်ရောက်အစီးနင်းခံရသည်မှာ ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်ဟုဆိုသည်။ ကျူးကျော်လာသော ရန်သူများအား တစ်ယောက်မကျန်သုတ်သင်လိုက်သော်လည်း မကြာမီတွင် ရုံးချုပ်မှအမိန့်ကျလာပါက စခန်းကိုရွှေ့ပြောင်းရမည်ဟုလည်း ဆိုသည်။ မင်ဆော့သည် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ ဘယ်ကိုသွားမလဲ မသိနိုင်ခဲ့သော်လည်း ယခုနေရာထက်ပို၍ နက်ရှိုင်းသော တောအုပ်နက်အတွင်းသို့ ရွှေ့ပြောင်းကြမည်မှာ သေချာနေသည်။ အိမ်ပြန်ရောက်နိုင်ပါ့မလား၊ ဒီနေရာကနေ ထွက်နိုင်ပါ့ဦးမလား၊ မင်ဆော့သည် မိမိကိုယ်ကိုပြန်မေးမိရင်း ခေါင်းတယမ်းယမ်းခါလိုက်မိသည်။ ပြဿနာတို့ မြစ်ဖျားခံရာနေရာက ဝေးလံသောနေရာတွင် ရှိနေခဲ့သည်။ ဒီနေရာသည် ချန်း၏ပြောစကားအရ ပိရိမစ်ပုံအဖွဲ့အစည်း၏ ဟိုးအောက်ဆုံးနေရာလိုပင်ဖြစ်သည်။ မရေမတွက်နိုင်အောင်များပြားလှသော အဖွဲ့အစည်းများကြားတွင် ဘယ်သူမှမသိလိုက်နိုင်ပဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားနိုင်သည့်နေရာဟုလည်းဆိုနိုင်သည်။ ထိုစကား၏အဓိပ္ပာယ်သည် မင်ဆော့၏အနာဂတ်သည်လည်း ဤကြီးမားသောစစ်ပွဲ၏ အခြေအနေပေါ်တွင်မူတည်နေသည်ဟု နားလည်နိုင်လေသည်။

ဒီစစ်ပွဲက ပြီးရောပြီးနိုင်ပါ့မလား...

မင်ဆော့သည် ခေါင်းကိုငုံ့ချလိုက်မိသည်။ မျှော်ပင် မမျှော်လင့်ရဲတော့ပေ။

ထိုနေ့က ချီတုံချတုံနှင့် ရူဟန်၏တဲအတွင်းသို့ ဝင်သွားခဲ့သောအခါ သူက ကျောပေးကာ မတ်တပ်ရပ်လျက်ရှိသည်။ အအော်ခံထားရသောကြောင့် မင်ဆော့သည် ရူဟန်၏အရိပ်အကဲကိုကြည့်နေမိသည်။ နေရောကောင်းရဲ့လား၊ အဖျားရော ကျသွားရဲ့လား ဟိုဟိုဒီဒီကြည့်နေရင်းနှင့် မနည်းချုပ်ထားရသော ဒဏ်ရာချုပ်ရိုးကိုမြင်လိုက်ရသည်။ မနာတတ်ဘူးလားမသိ၊ ရူဟန်သည် လက်မောင်းကိုတန်းနေအောင် ဆန့်လိုက်ရင်း တီရှပ်ဟောင်းကို ဆွဲချွတ်လိုက်သည်။ မင်ဆော့သည် ရေစိုဝတ်များနှင့် ဇလုံကို မထားလျက်ပင် ခပ်ကြောင်ကြောင် ရပ်နေမိခဲ့သည်။

Rainy SpellWhere stories live. Discover now