[Zawgyi]
Rainy spell
spin off : SongbirdHey... ကြည်လင်ချိုမြ၍ ရွှင်မြူးသောနှုတ်ဆက်သံက ကန်ရေပြင်အား လှုပ်ရမ်းသွားစေခဲ့သည်။ အသံချဲ့စက်မှ အသံက တဖြည်းဖြည်း ကျယ်လောင်လာပြီးနောက် ပီ.. ဟူသည့် စူးရှသောအသံတစ်ခု ခေတ္တ ထွက်ပေါ်လာခဲ့သည်။ အပတ်စဉ် စနေနေ့တိုင်း ဖျော်ဖြေနေကြဖြစ်သော ပွဲတစ်ခုဖြစ်သော်လည်း အမြဲလိုပင် ဒီလိုအချိန်မျိုးတွင် ရင်ဘတ်တစ်ခုလုံးထိန်းမရနိုင်အောင် မြူးကြွနေခဲ့သည်။ မိုက်ကိုကိုင်၍ ခါးကိုမတ်နေအောင်ရပ်ရင်း သာယာအေးဆေးသော ညနေပိုင်း၏ ကန်ရေပြင်နံဘေးတွင် စုဝေးနေကြသော တစ်ရာနီးပါးရှိသည့် လူများ၏အကြည့်များအား ရင်ဆိုင်ကြည့်လိုက်သည်။ ဖျော်ဖြေပွဲတိုင်းတွင် တွေ့ရလေ့ရှိသည့် မြင်ဖူးသောလူများလည်းရှိပြီး၊ ဖြတ်သွားဖြတ်လာ လမ်းကြုံ၍ရပ်ကြည့်နေသလို ခပ်ကြောင်ကြောင် ငေးကြည့်နေသော လူများကိုလည်း တွေ့ရသည်။ ဖြည်းဖြည်းချင်း ပရိသတ်များနှင့် မျက်လုံးချင်းဆုံအောင် လိုက်ကြည့်နေခဲ့သော ချန်း၏အကြည့်တို့က တစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။ အာရှတိုက်သား လူမျိုးတစ်ယောက်ဖြစ်သည်။ ထိုလူသည် တုတ်တုတ်မှမလှုပ်ဘဲ အနောက်ဘက်မှ ခုံတန်းတစ်ခုပေါ်တွင် ထိုင်၍ ဒီဘက်သို့ စိုက်ကြည့်နေခဲ့သည်။ နဂိုကတည်းက ရွှေရောင်ဆံပင်ပဲလား၊ ဒါမှမဟုတ် ဆံပင်ဆိုးထားတာပဲလားပင် မခွဲခြားနိုင်လောက်အောင် သဘာဝကျနေခဲ့သော ရွှေရောင်ဆံပင်အောက်မှ နက်မှောင်သော မျက်အိမ်တို့က တောက်ပနေခဲ့သည်။ ထိုမျက်ဝန်းတို့က လူအား ထွင်းဖောက်သွားတော့မလိုဟုပင် ထင်နေရသည်။
"ဂျုံးဒယ်"
နောက်ဘက်မှ ဖတ်ခနဲလှမ်းပုတ်လိုက်သော ဂစ်တာသမားကြောင့် ချန်းသည် မိုက်အား ကပျာကယာ ပြန်ပြင်ကိုင်လိုက်သည်။ နှောင်းညနေ၏ နေခြည်ကြောင့် ရွှေရောင်လက်နေသော ကန်ရေပြင်က အာရုံကို နိုးကြားစေခဲ့သည်။ တဖြည်းဖြည်းနှင့် သီချင်းစဆိုရတော့မည့် အချိန်ရောက်လာတော့မည် ဖြစ်သည်။ အမေရိကသို့ ကျောင်းလာတက်သည်ဟု အကြောင်းပြ၍ ထွက်ပြေးနေခဲ့ခြင်းပင်။ ကွန်မြူနစ်ပါတီဝင် ရာထူးကြီးကြီးတစ်ခုကို ပိုင်ဆိုင်ထားသော အဖေ၏အာဏာကြီးပုံက သြချယူရသည်။ လုပ်ချင်တာမှန်သမျှ ထလုပ်နိုင်သော ငွေကြေးပမာဏရှိနေခဲ့သော်လည်း အရာအားလုံးအား ချန်းစိတ်ထင်သလိုတော့ လုပ်ခွင့်မရှိခဲ့ပေ။ သီချင်းဆိုခြင်းက တစ်ခုတည်းသောဝါသနာဖြစ်သော်လည်း အဖေကတော့ ဘယ်သောအခါမှ အသိအမှတ်မပြုပေးခဲ့။ သံယောဇဉ်ကင်းကင်းနှင့် ကိုးရီးယားနှင့်တရုတ်ပြည်ကြား အိမ်ဦးနှင့်ကြမ်းပြင်သကဲ့သို့ သွားလိုက်ပြန်လိုက် လုပ်နေခဲ့သော ချန်းသည် ဘာသာစကားလေ့လာရန်ဟူသည့် ဆင်ခြေဖြင့် အမေရိကသို့ စတေးရှောင်နေရန် ကြိုးစားသည့်နေရာတွင် အောင်မြင်သွားခဲ့သည်။
YOU ARE READING
Rainy Spell