"ပါးပါး ဘယ်လိုလုပ်ကြမလဲ? ကိုကြီးက မနက်ဖြန်ဆို ဆိုးလ်ကိုရောက်မယ်တဲ့"
"ဘယ်လို! အကြီးကောင်ပြန်လာပြီလား"
"ဟုတ်တယ် ပါးပါး။ စာမေးပွဲလည်းပြီးပြီပြောတယ်။ အငယ်ကောင်နဲ့လည်း ဖုန်းဆက်လို့မရတော့ သူလွမ်းနေတာတဲ့။ အငယ်လေးအကြောင်းသာသိရင် ဘယ်လိုဖြစ်မလဲမသိဘူး"
ဟူး...ဘာတွေကမှားယွင်းနေတာလည်းမသိပေမယ့် အကြီးကောင်ပြန်လာရင်လည်း ဝမ်းနည်းပက်လက်ဖြစ်ဦးမှာ သိနေသည်။
ဆေးကျောင်းနောက်ဆုံးနှစ်မို့ အိမ်မှာ ဘယ်လိုစိတ်ညစ်စရာကိစ္စတွေပဲရှိရှိ အကြီးကောင်ကို လှမ်းမပြောဘဲနေခဲ့တာ။ အငယ်လေးကိစ္စရော အပါအဝင်ဖြစ်သည်။
ဖုန်းဆက်တိုင်းလည်း သားငယ်ဆီဖုန်းဆက်၍မရကြောင်းနှင့် သားငယ်နဲ့ Vc မပြောရတာကြာပြီဖြစ်ကြောင်း အမြဲပြောလေ့ရှိသည်။
သူအဲ့လိုပြောတဲ့အချိန်တိုင်း ကိုယ်က မလှုပ်မရှားလှဲလျောင်းနေတဲ့ သားငယ်ရဲ့ကုတင်ဘေးမှာ ထိုင်နေခဲ့တော့ ဖုန်းဆက်ပြီးတိုင်း ငိုရတာကလည်း အသည်းအသန်။
"ဘယ်တတ်နိုင်မှာလဲ သားလတ်ရယ်။ ပြန်လာပြီဆိုမှတော့ ဒီကိစ္စကို ပါပါးတို့က ဖုံးထားလို့မှမရတော့တာ။ ပြန်လာတဲ့နေ့ ရူးမသွားဖို့ပဲ ဆုတောင်းရတော့မှာ"
"ပါးပါးရော အဆင်ပြေရဲ့လား"
"နေသားကျနေပါပြီ သားလတ်ရယ်"
ပြောရင်းဆိုရင်း ပါးပါးက ကျလာတဲ့မျက်ရည်တွေကို ဆွဲသုတ်ပစ်လိုက်သည်။
"မင်း ဒယ်ဒီရော"
"ဒယ်ဒီက ကုမ္ပဏီမှာပဲ ပါးပါး။ ဒီနေ့က ရှယ်ရာရှင်အစည်းအဝေးရှိလို့ ကျနော်လည်း ပါးပါးနဲ့တွေ့ပြီးရင် ကုမ္ပဏီဆက်သွားရမှာ"
"အော်...အင်းပါ။ငါ့သားလတ်လေးလည်း ပင်ပန်းနေပါပြီ"
"ပါးပါးတို့နဲ့ယှဥ်ရင် ကျနော်ပင်ပန်းတာက အသေးမွှားလေးပါ"
အစက ကုမ္ပဏီကို ပါးပါးနဲ့ ဒယ်ဒီက ဦးဆောင်အုပ်ချုပ်ခဲ့ပေမယ့် အငယ်လေးကိစ္စဖြစ်ပြီးနောက်ပိုင်း ပါးပါးက ကုမ္ပဏီဘက် ခြေဦးတောင်မလှည့်လာတော့ဘဲ အငယ်လေးကိုပဲ ပြုစုနေခဲ့သည်။ ကုမ္ပဏီကို ဒယ်ဒီတစ်ယောက်တည်း လုံးပန်းနေခဲ့ရသည်။