Chapter 6

541 27 4
                                    

#Unicode

"အီး.....ဟီးဟီးဟီး ဘာ...လို့လဲ ဘာလို့လဲ......."

"အီးဟီးဟီး ရက်စက်လိုက်ကြတာကွာ"

ညနေ နေဝင်ရီတရောအချိန် အေးချမ်းတိတ်ဆိတ်သော ကန်တော်သာကန်ဝန်းကျင်မှ ငိုသံတို့က ဆူညံစွာထွက်ပေါ်နေသည်။ ထိုသူက အခြားသူမဟုတ်.....ထန်းရည်ကို နှစ်အိုး၊ သုံးအိုးဆက်တိုက်သောက်ပြီး မူးတာလိုလို မမူးတာလိုလိုဖြင့် ရစ်နေသည့် နှစ်ယောက်မရှိသော ကောင်းစေမင်း။

ဘေးနားကသူငယ်ချင်းနှစ်ယောက်ကတော့ ကောင်းကောင်းငိုတာကြည့်ပြီး ကျောက်ရုပ်ဖြစ်သွားသလို အငြိမ်သား.....မျက်လုံးပြူးမျက်ဆံပြူးဖြင့်သာ တအံ့တဩ စိုက်ကြည့်နေကြသည်။ ဟိန်းခန့်ကတော့ စိတ်ထဲတွင် လိုက်လာမိတာ မှားပြီလားလို့ တွေးမိနေသည်။

၃ လပိုင်းထဲလောက်က ကောင်းကောင်းတစ်ယောက် မှိုင်တိမှိုင်တိုင်ဖြစ်နေသည်မို့ ကြည်ကြည်လင်လင်ဖြစ်အောင် နွေသုံးလကျောင်းပိတ်ချိန်ကို အပီအပြင်ကဲမည်ရယ်လို့ အစီအစဉ်ဆွဲခဲ့ကြသည်။ ကျောင်းစာအတွက် အချိန်ဇယားသာမဆွဲတတ်တာ.....ဒီလိုနေရာကျ သူတို့သုံးယောက်လောက် သေချာအစီအစဉ်ဆွဲနိုင်တာ သူတို့အပြင် ဘယ်သူမှမရှိ။ ထိုသို့သူငယ်ချင်းကောင်းပီသခဲ့မှုသည် အခုချိန်မှာတော့ ဒုက္ခရောက်တော့မည်။ ဒီလိုပုံစံထိဖြစ်နေတဲ့ အမူးသမားကို အိမ်ဘယ်လိုပြန်ပို့ရမည်မသိ။ အိမ်ရောက်လို့ အရီးသန်းလှနှင့်တွေ့ရင် သူ့တို့အိမ်ကိုပြန်တိုင်နိုင်သည်။ မတော်လို့ ဆရာတော်ဘုရားကို ငကောင်းရဲ့ကောင်းမှုတွေသာ တင်ပြလိုက်ပါက အလိုတူအလိုပါအဖြစ် သူတို့ပါ ငါးကြော်စားရနိုင်သည်။ ခက်ပြီ.....။

"မောင်ကောင်း ပြန်ရအောင်လေကွာ မင်းမူးနေရင်လည်း"

"ငါ မမူးပါဘူး ရှိုင်းထက်ရာ"

"မမူးတဲ့ရုပ်ကလည်း အရက်ဂျိုး‌တွေတောင် အဖေခေါ်ရတော့မယ်"

"ဟ ငပိန်း.....မင်း မိုက်ရိုင်းလှချည်လား"

အသက်ငယ်သေးတာရော အရက်သောက်နိုင်စွမ်းနည်းတာရောမို့ ထန်းရည်ကိုပင် မူးနေပြီ။ ဒါ့အပြင် ထန်းရည်ရဲ့သဘာဝအရ လေတိုက်တိုင်း ပိုပိုမူးလာသည်။ မူးကွဲနေတာမျိုးအထိ မဖြစ်သေးပေမယ့် ထန်းရည်မူးတော့ ကျွဲခိုးပေါ်ဆိုသလိုပင် သူ့စိတ်ထဲရှိသမျှပြောပြီး ငိုနေသည့်ကောင်းကောင်းကိုကြည့်ရင်း ရှိုင်းထက်အကြံတစ်ခုရသွားသည်။

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now