Chapter 10

767 55 21
                                    

နေအပူကြီးလည်းမဟုတ်၊ အေးလည်းမအေးတဲ့ ဆောင်းရာသီရဲ့ တနင်္ဂနွေနေ့လယ်ခင်းမှာ အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်ပြီး မြန်မာစာအုပ်ကိုင်ကာ ကောင်းကောင်း ငိုင်နေမိသည်။ စဉ်းစားနေမိသည်ဆို ပိုမှန်မည်ထင်၏။

သောကြာနေ့ညနေတုန်းက ကျောင်းဆင်းသည်နှင့် အစ်ကိုက ကောင်းကောင်းကို စိတ်မချဟန်ဖြင့် တန်းစီမှာသွားသည်။

‌*ကောင်းကောင်း… အစ်ကို သွားတော့မယ်။ စာသေချာကြည့်ထားနော်။ နားမလည်တာ၊ သိချင်တာရှိရင် စာရွက်ထဲချမှတ်ပြီး မနက်စောစော မဖြေခင် အစ်ကို့ကိုပြန်မေး….. အစ်ကိုစောပြန်လာခဲ့မယ်*

*နောက်ပြီး စာမေးပွဲက တနင်္လာနေ့ဆို ဖြေရတော့မှာ။ ကလေးတွေနဲ့ ဆော့မနေနဲ့တော့နော် ကောင်းကောင်း*

*ရှိုင်းထက်နဲ့လည်း လျှောက်မသွားနဲ့တော့။ သူ့ကိုလည်း စာလုပ်ခိုင်းလိုက်ဦး… အစ်ကိုမှာခဲ့တယ်လို့… နော်…*

အစ်ကို့စကားတွေကို ကောင်းကောင်း သေချာကြားလိုက်ပါသည်။ မှတ်လည်းမှတ်မိသည်။ သို့သော်…။

⁠♡
⁠♡
⁠♡

နေပူပူထဲ နာရီဝက်လောက် ထိုင်စောင့်ပြီးသည်တွင် “လာကြိုမယ့်ကောင်လေးက မအားလို့ လာမကြိုနိုင်လောက်တော့ဘူး မင်းသစ်။ တည်းခိုခန်းတစ်ခုခုငှားနေလိုက်တော့” ဆိုပြီး အစ်ကိုကပြောလာသည်ကြောင့် မေတ္တာပို့ရုံမှလွဲ၍ မတတ်နိုင်သည့်အ‌ဆုံး တည်းခိုခန်းငှားပြီး တစ်ညအိပ်လိုက်ရသည်။ မနက် ၁၀ နာရီ‌ေကျာ်မှသာ ဇေနိုင့်ကားကို ဝပ်ရှော့အပ်ပြီး လာကြိုသည့်ကားနှင့် ရွာသာဘက်ကို ထွက်လာရသည်။

“ရွာသာရွာသို့” ဟူသည့် သစ်သားမှတ်တိုင်လေးကို ကျော်လွန်လာပြီး အနည်းငယ်ဆက်မောင်းလာသည့် အနက်ရောင်ကားတစ်စီး။ ဂျစ်ကားလောက်သာ ခေတ်စားပေမယ့် ဒီလိုကားမျိုးက အတော်ချမ်းသာသည့်သူတွေမှ တကူးတကဝယ်စီးကြသည်။ ထို့ကြောင့် ရွာလမ်းထဲကို စဝင်လိုက်ကတည်းက လူတွေက အနည်းငယ် ကွက်ကြည့် ကွက်ကြည့်။

ရွာထဲကိုမောင်းလာပြီး နည်းနည်းကြာတော့ စာသင်ကျောင်းဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ 11 ခွဲပဲရှိသေးသည်မို့ စာသင်သံတွေ ကြားနေရတုန်း။ အခန်းလေးတွေထဲ ကိုယ်စီစာသင်နေတဲ့ ကလေးတွေကိုကြည့်ပြီး ‌မင်းသစ်စိတ်ထဲ အေးချမ်းနေသည်။ ကျောင်းသားဘဝကိုတောင် ဘာရယ်မဟုတ်၊ ပြန်သတိရသွားပြီး ပြုံးနေမိသေးသည်။ ဇေနိုင်ကတော့ တက်ကြွတဲ့ ကြက်ဖဖြစ်နေသည်။

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now