မနက်ခင်းရဲ့ရောင်နီ ကောင်းကောင်းရခါနီး ကြက်တွန်သံနှင့် အိပ်ခန်း၏ဘေးဘက်ရှိ သစ်ပင်ပေါ်မှ ငှက်မြည်သံတို့ကြောင့် ကောင်းကောင်း နိုးလာသည်။ မျက်ခွံတို့လေးနေပေမယ့် အားယူဖွင့်ကာ ထလိုက်တော့ ခေါင်းကနည်းနည်း မူးနောက်နောက်။ အပြင်ကိုကြည့်တော့ နေရောင်သိပ်မရသေးပေမယ့် မှောင်ရီမသန်းတော့။
“ချီးဟ…သေပြီ”
မနက်ခင်းရဲ့ပိတ်ကားလှလှပေါ်တွင် မနေ့ညနေက အဖြစ်အပျက်တို့က အစီအရီပေါ်လာသည်။ ဒါ့ထက်ပိုဆိုးတာသည် အစ်ကို့ကိုဖွင့်ပြောပြီးနောက် ဘာတွေဆက်ဖြစ်သည်ကို မမှတ်မိတော့ခြင်း။ အစ်ကိုငြင်းလိုက်သည်လား၊ လက်ခံလိုက်သည်လား…။ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ…။
အတွေးစတို့ကိုခေါက်ပြီး အားမွေးကာ အိပ်ရာတို့ကိုသိမ်း၍ အိမ်အောက်ဆင်းလိုက်သည်။ နာရီကြည့်လိုက်တော့ ၆ နာရီခွဲပြီ။ ကိုကြီးလည်း ယာထဲသွားပြီထင်၏။ ခါတိုင်းဆို ၆ ခွဲရင် ထမင်းကျက်ခါနီးပြီ။ အိပ်ပျော်သွားသည်ပဲ…။
မျက်နှာသစ်၊ သွားတိုက်ပြီး ရေကိုခပ်မြန်မြန်သုတ်ကာ မီးဖိုချောင်ဘက် ဦးတည်လိုက်သည်။ ဒီနေ့ ကိုကြီး ထမင်းကြမ်းအကျန်ပဲ စားရဦးမည်ထင်သည်။ ထမင်းကျက်မှ စောပြီးသွားပို့ရမည်။
“ဟင်…အ…အစ်ကို”
မီးဖိုချောင်ထဲကနေ ရုတ်တရက်ထွက်လာတဲ့အစ်ကို့ကြောင့် ကောင်းကောင်း မျက်လုံးပြူးသွားသည်။ အခန်းထဲရှိနေမယ်ထင်ထားပေမယ့် ဒီရှေ့မှာရောက်နေတဲ့အစ်ကိုက ဆွယ်တာလက်ရှည် မထူမပါးလေးနဲ့။
“နိုးလာပြီလား။ ထမင်းအိုးတည်ထားတယ် မျက်နှာသွားသစ်ချည်”
“ဗျာ…။ အဲ…အ…အစ်ကို တည်ထားတာလား”
“အင်း…။ ဆန်သုံးလုံး ရေခြောက်လုံး။ ဟိုတစ်ခါ မင်းပြောပြထားတဲ့အတိုင်းပဲ”
အတက်အကျမရှိတဲ့ အစ်ကို့အသံကြောင့် တံတွေးမြိုချမိသလို မျက်နှာကိုလည်း လှမ်းအကဲခတ်လိုက်သည်။ သိပ်ရွှင်နေသည်မထင်။ ဟိုတစ်ခါ ထမင်းချက်ရင်း အစ်ကိုနဲ့စကားပြောဖြစ်တာကြောင့် ဘာရယ်မဟုတ်ပေမယ့် ထမင်းအိုးတည်တဲ့အကြောင်းတွေ ပြောပြဖြစ်သည်။ အစ်ကိုတကယ်ကြီး မှတ်သွားတာလား…။
YOU ARE READING
ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး
Random"ပတ်ဝန်းကျင်က ဘယ်လိုတွေပဲ ကဲ့ရဲ့ရှုတ်ချနေပါစေ မင်းသာကိုယ့်အနားမှာ ရှိနေပေးမယ်ဆို ကိုယ်တစ်လောကလုံးနဲ့ အတိုက်အခံလုပ်ရဲတယ် ကောင်လေး"