ချစ်ခြင်းနဲ့လင်းတဲ့ကြယ် ၁

706 6 0
                                    

ဧကြည်ဖြူ

" ချစ်ခြင်းနဲ့လင်းတဲ့ကြယ် "

( ဘဝသရုပ်ဖော်အခန်းဆက် ဝတ္ထုရှည် )

အပိုင်း (၁)
*****************************
           ( နိဒါန်း )

        လေထဲမှာ တဖျပ်ဖျပ်လွင့်ပျံထွက်သွားတဲ့ မျှော်လင့်ချက်အပိုင်းအစတွေကို ငေးမောရင်း ဘဝက မှောင်မိုက်သထက် မှောင်မိုက်လာတဲ့အခါ.....

ကျေးဇူးတရားတွေကို အသွေးအသားနဲ့ ရင်းပြီးဆပ်ပေးမှ ရမှာတဲ့လား....

မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကသားသမီးတွေအတွက် လှောင်ချိုင့်တစ်ခုလို ခံစားလာရတဲ့အခါ ....

~~~~~~~~~~~~~~~~~~~~~~

      (အခန်း ၁ )

        သပြေချောင်အစုတဲ့။ဒီနာမည်က ရပ်ကွက်အစွန်အဖျားနေရာတစ်ခုရဲ့အမည်ပါ။ရပ်ကွက်သစ်ကြီးစတည်ကာစက သပြေပင်တွေရာချီရှိခဲ့လို့ သပြေချောင်လို့ အလွယ်တကူခေါ်ခဲ့ကြရာကနေ သပြေချောင်အစုလို့ အမည်တွင်သွားခဲ့တာ။ရပ်ကွက်ရဲ့အစိကလမ်းမကြီးတွေနဲ့ ဝေးလွန်းလှတဲ့သပြေချောင်။ဆယ့်ငါးပေကျယ်တဲ့လမ်းလေးပေါ်မှာ အိမ်တွေရဲ့အဖီတွေ၊ဈေးဆိုင်တွေက ကျူးကျော်နေရာယူထားလေတော့ လမ်းလေးကဆယ်ပေသာသာလမ်းကျဉ်းလေး အဖြစ် သာရှိတော့တယ်။ဒီလမ်းကျဉ်းလေးက နွေဆိုရင်ဖုန်တထောင်းထောင်း၊ မိုးဆိုရင် ဗွက်အလူးလူး ။လမ်းလေးရဲ့ အဆုံးအိမ်စုတ်လေးတွေကို ကျော်ပြီး ခပ်ဝေးဝေးအထိ လျှောက်သွားမယ်ဆိုရင် ရန်ကုန်မြို့ကိုရစ်ခွေ စီးဆင်းနေတဲ့ငမိုးရိပ်ချောင်းရဲ့ အစိတ်အပိုင်းတစ်နေရာကိုရောက်ရှိသွားလိမ့်မယ်။
        နာမည်က သပြေချောင်။လမ်းလေးကခနော်ခနဲ့ ။ လမ်းဘေးက အိမ်တွေဆိုတာလဲ အပေါက်အပြဲအဖာအထေးပေါင်းများစွာနဲ့ အိမ်စုတ်လေးတွေ။တချို့လဲ တစ်ဖက်ရပ်တဲဆိုမှ တကယ့်ကို တစ်ဖက်ရပ်တဲသာသာ အိမ်စုတ်လေးတွေက အစီအရီ။သပြေချောင်ရဲ့ပြယုဂ်က တကယ့်ကိုမှ စုတ်စုတ်နုပ်နုပ်ပါပဲ။ ဒီလို စုတ်နုပ်လှတဲ့ အရပ်ကို တော်ရုံနေစရာအခက်အခဲရှိသူမျိုးတွေကတော့ နေထိုင်ဖို့ နည်းနည်းလေးတောင် စိတ်မကူးကြတာအမှန်။သို့ပေမဲ့လဲ သပြေချောင်ကို အထင်မသေးလေနဲ့ သပြေချောင်ဆိုတာ အရက်သမားအစ ဘုရားဒကာအဆုံး မသွားဘဲမနေနိုင်တဲ့ နေရာမျိုး ။နှစ်လုံးသုံးလုံးကိုင်သူတွေရဲ့နေရာ၊အရက်လား၊ မိန်းမလား၊ဖဲလား၊ လောင်းကစားမျိုးစုံရှိတဲ့နေရာ။ တကယ်ပါ လောင်းကစားဝိုင်းတွေစုံလွန်းလို့ လောင်းကစားဝါသနာကြီးတဲ့နာမည်ကြီး မင်းသားမင်းသမီးအချို့တောင် တိုးတိုးတိတ်တိတ်လာကစားကြတဲ့နေရာမျိုး။ခပ်စုတ်စုတ်နေရာမို့ အထင်တော့မသေးလေနဲ့ လုံခြုံမှုကအပြည့်အဝရှိပြီးသား။ ဒီလိုဒီလို သပြေချောင်မှာ မဝါစိန်နဲ့ ကိုအောင်မိုးကတော့ လူသိများထင်ရှားလှတဲ့သူတွေပေါ့။
      မဝါစိန်နဲ့ ကိုအောင်မိုးက လိုက်ဖက်ညီလှတဲ့ ဇနီးမောင်နှံတွေ။ကိုအောင်မိုးက လူခေါ်လာပြီး လောင်းကစားဝိုင်းလုပ်တယ်။မဝါစိန်ကလဲ အားကျမခံပါဘဲ ကစားသမားတွေ လိုအပ်တဲ့ အရက်လား ၊ မိန်းမလား ၊ ငွေတိုးချေးမှာလား၊ ပစ္စည်းပေါင်မှာလားကြိုက်ရာပြော အကုန်လုပ်ပေးတယ်ဆိုတာမျိုးပေါ့။ မဝါစိန်တို့မှာ ကိုယ်တိုင်က ငွေရှိလို့တော့ ဘယ်ဟုတ်ပါ့မလဲ ။ သူတို့နောက်မှာ ထောက်ပံ့ပေးနေတဲ့ သူဌေးကြီးဦးချမ်းရှိနေတာကို။ဦးချမ်းဆိုတာက ကိုအောင်မိုးရဲ့ဆရာသမားလဲဟုတ်သလို မဝါစိန်ရဲ့ ဖောက်သည်ငွေတွင်းဆိုလဲ ဟုတ်တယ်။ဦးချမ်းက လူချမ်းသာရပ်ကွက်တစ်ခုမှာနေတဲ့ ဘုရားဒကာကျောင်းဒကာ သူဌေးကြီး။အချိန်ရရင်ရသလို သပြေချောင်ကို ကြိုကြားကြိုကြားရောက်လာတတ်တယ်။သူရောက်လာရင် မဝါစိန်ကအမြည်းလုပ်ပေး၊ အဖော်ရှာပေးရတယ်။အရင်ကတော့ ဦးချမ်းရဲ့အကြိုက်က မဝါစိန်ပေါ့။နောက်ပိုင်းတော့ အသက်ကြီးပြီး အလှပျက်လာတဲ့မဝါစိန်ကို ဦးချမ်းလုံး၀မကြိုက်တော့ဘူး။ဦးချမ်းက အသက်ကြီးလာလေလေ ငယ်ငယ်နုနုချောချောလှလှလေးတွေကိုပဲ သဘောကျလာလေလေ ဆိုတဲ့လူမျိုး။ ဒါမျိုးကလဲ မဝါစိန်ဆီမှာ အရွယ်စုံပုံစံစုံရှိနေလေတော့ ဦးချမ်းက မဝါစိန်ကိုမနှစ်သက်တော့ပေမဲ့ မဝါစိန်ကိုတော့ အရင်ကလို ထောက်ပံ့ပေးထားမြဲပေးထားတယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now