ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 11

121 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
( အခန်းဆက်ဝတ္ထု  )

အပိုင်း (၁၁ )
******************************
" မမအေးတစ်ယောက်တည်းမဟုတ်ဘူးလား ... နှစ်ယောက်တော့မပေးနိုင်ဘူး မမအေး ....ချုပ်သမားတွေလဲများနေလို့ပါ "

      ပိုင်ရှင်မိန်းမက မေဖြူ့ကို မသိမသာစွေကြည့်လိုက်ပြီး ပြောလိုက်တာမို့ မေဖြူချက်ချင်း သဘောပေါက်လိုက်ပါတယ်။ဒီရပ်ကွက်မှာလုပ်ကြတဲ့ အိမ်တွင်းအထည်ချုပ်အသေးစားလုပ်ငန်းအများစုက အန်တီစိုးနဲ့မကင်းရာမကင်းကြောင်းတွေမှန်း မမအေး ပြောပြထားလို့မေဖြူသိပြီးသားပါ။ မေဖြူမမှားခဲ့တဲ့ ကိစ္စအတွက်ဒီလောက်ထိဖြစ်လိမ့်မယ်လို့မတင်ထားခဲ့မိဘူး ။တစ်မနက်လုံး အထည်ပေးချုပ်တဲ့အိမ်တွေလေးငါးအိမ်မကရောက်ခဲ့ပြီးပြီ ။ပြီးတော့ ဒီနေ့ဆိုရင်အလုပ်မလုပ်ရတာသုံးရက်ရှိနေပြီလေ။အားလုံက ချုပ်သမားတစ်ယောက်ပဲ လိုချင်တာချည်းပဲ။ရှင်းရှင်းပြောရရင် မေဖြူ.ကိုပေးမချုပ်ဘူးလို့ ပေါ်တင်မပြောတာပဲရှိတာ။

"လာပါမေဖြူရယ်...အလုပ်မရှားပါဘူး...မသိရင်သူတို့ကို သူတို့လုပ်ငန်းရှင်သူဌေးကြီးတွေကျနေတာပဲ... ဒီနေ့တော့နားလိုက်ကြရအောင် ... မနက်ဖြန်ကျမှ မမအေးသူငယ်ချင်းဆီသွားကြည့်မယ် ... သူက တခြားရပ်ကွက်မှာနေတာဝေးလို့ မမအေးက မသွားတာ.. ဘာမှစိတ်ညစ်မနေနဲ့နော် မေဖြူ ..."

       မမအေးက အားပေးစကားပြောတော့ မေဖြူအားတင်းပြီး ပြုံးလိုက်မိတယ်။မပြုံးလို့ ရော မေဖြူ ဘာတတ်နိုင်မှာတဲ့လဲ ။ သူတို့အလုပ်ကို သူတို့ခိုင်းချင်သူကိုပဲ ခိုင်းမှာပေါ့။ ဒါက အလုပ်ရှင်တစ်ယောက်ရဲ့ အခွင့်အရေးပဲ မဟုတ်လား။

~~~~~~~~~~~~~~~~~~~~~
" ဒေါက်  ဒေါက် ဒေါက် "

"မေဖြူ ... မေဖြူ ရှိလား "

       တံခါးခေါက်သံနဲ့ ခေါ်သံကြောင့် မေဖြူ အဝတ်ဟောင်းတွေရှာနေရာက တံခါးဆီကိုထလာခဲ့လိုက်တယ်။ အိမ်ရှေ့မျက်နှာစာကပြတင်းပေါက်တံခါးဖွင့်ထားတာမို့ အိမ်ထဲမှာလူရှိတာကို သူသိပါလိမ့်မယ်။ပြတင်းပေါက်က သံဇကာကွက်နဲ့ ကာရံထားလို့ တံခါးကို အမြဲဖွင့်ထားလို့တော့ရတယ်။မေဖြူကတော့ ပြတင်းပေါက်မှာလိုက်ကာခပ်ထူထူလေးပါ တပ်ထားတယ်။ တစ်ယောက်ယောက်က မေဖြူ့ကိုခေါ်ချင်ရင် ပြတင်းပေါက်က ကြည့်ပြီးအသံပေးလိုက်ရုံပဲ။မေဖြူ စက်ချုပ်နေရင်တော့ လိုက်ကာစကိုပါဖွင့်ထားလိုက်တယ်။ ဒီလိုပြတင်းပေါက်ကို ပိတ်ပဲထားထား ဖွင့်ပဲထားထား ညီလင်းညိုတစ်ယောက်ကတော့ မေဖြူ့ကိုခေါ်ရင် အိမ်တံခါးကိုပဲခေါက်ပြီး ခေါ်တတ်တယ်။ဘယ်တော့မှ ပြတင်းပေါက်ကနေ ဖြုန်းခနဲ ဒိုင်းခနဲ လာမကြည့်တတ်ဘူး။ညီလင်းညိုကို စတွေ့ဖူးတုန်းက မေဖြူအထင်သေးခဲ့မိပေခဲ့ ခုလို သူငယ်ချင်းတွေဖြစ်သွားတော့ သူ့စိတ်ဓါတ်လေးက မဆိုးတာကိုသိလာရတယ်။ တစ်ခါတစ်ခါ ဒေါသကြီးတတ်တာကတော့ မေဖြူနဲ့တူတယ်လို့ပဲပြောရမလား။ မေဖြူ တံခါးကို ဖွင့်ကြည့်လိုက်တော့ တံခါးရှေ့မှာအထုတ်လေးတစ်ထုတ်ဆွဲပြီး ရပ်နေတဲ့ ညီလင်းညိုကိုတွေ့လိုက်ရတယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now