ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 10

109 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
( အခန်းဆက်ဝတ္ထု )

    အပိုင်း ( ၁၀ )
**************************
        ကြုံလည်းကြုံတတ်တယ်။ဆုံလည်းဆုံတတ်တယ်။ ကံကြမ္မာက မေဖြူ့ကိုလှောင်ပြောင်ကျီစယ်ဖို့ စောင့်နေသလိုပါပဲ။ချိန်းထားရင်တောင်လွဲအုံးမယ်။ အထွန်းတို့နှစ်ယောက်ကိုကြည့်ပြီး မဖြစ်စဖူးမေဖြူ့ရင်ထဲမှာ ရှက်ရွံ့သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်လာမိတယ်။ အထွန်းတို့အခြေအနေက ဆယ်သက် စားမကုန်အောင်ချမ်းသာနေကြတဲ့ သူဌေးမိသားစုတွေမဟုတ်ပေမဲ့ မေဖြူဘဝနဲ့တော့မိုးနဲ့ မြေလိုပဲကွာခြားနေခဲ့တယ်။ အထွန်းရဲ့ အမေနဲ့အစ်မတွေဆိုတာလဲ မာနတွေကမိုးထိအောင်မြင့်နေကြတာ။ မေဖြူကိုယ်တိုင်ကိုယ်ကျ အပြောမခဲရသေးပေမဲ့ တဆင့်စကားတွေနဲ့တင် မေဖြူခံနိုင်ရည်မရှိပါဘူး။ မေဖြူ့ဘဝကဆင်းရဲပြီး သူများ လက်ညှိုးထိုးစရာ ဘဝဖြစ်ပေမဲ့   မေဖြူ့မှာလဲ ကိုယ့်မာနနဲ့ ကိုယ့် တန်ဖိုးနဲ့ ရှိပြီးသားပါ။ မေဖြူ့သိက္ခာကို ထိပါးပြီး ပြောဆိုလာတဲ့သူမှန်သမျှကို သည်းခံမှာမဟုတ် ဘူး။ မေဖြူ့ကိုရစရာမရှိအောင် ပြောဆိုနေကြတဲ့ ပတ်ဝန်းကျင်နဲ့ အဝေးဆုံးကို ထွက်မသွားတာကလဲ မေဖြူ့ရဲ့သိက္ခာနဲ့ မေဖြူ့ဘ၀ အမှန်တရားကို သက်သေပြချင်လို့ပဲ ။
~~~~~~~~~~~~~~~~~.~~~~~~~~
       မျက်နှာဝရှစ်ပေနဲ့ အရှေ့အနောက် ဆယ်ပေကျော်ကျော် အခန်းကျဉ်းလေးက အပ်ချုပ်စက်နဲ့ မေဖြူ့အသုံးအဆောင်လေးတွေ နေရာချလိုက်တာ အခန်းပြည့်လုမတက်ဖြစ်သွားတယ်။ ဒါတောင် အိမ်ကနေလိုအပ်မယ်ထင်တာတွေကိုပဲ မေဖြူယူလာခဲ့တာ။ ရေခဲသေတ္တာလိုပစွည်းကောင်းတွေကိုတော့ အမေကရောင်းပစ်လိုက်တယ်။ကျန်တဲ့ ခုံလေးတွေစင်လေးတွေလိုမျိုး အိမ်သုံးပစ္စည်းတွေကိုတော့ မေဖြူလိုချင်တာကိုပဲယူပြီး ကျန်တာတွေကို အိမ်နီးနားချင်းတွေကို ပေးပစ်လိုက်တယ်။

          အိမ်ထဲ နေရာချစရာရှိတာ ချပြီးတာနဲ့ စက်ချုပ်ဖို့ကို ပြင်ရတယ်။ဒီတစ်လျှောကလုံး စက်ကောင်းကောင်းမချုပ်ခဲ့ရဘူး။ ပိုင်ရှင်အန်တီစိုးက မေဖြူ့ကို ပြောဆိုချင်နေတာကို မေဖြူ့မှာမနည်းတောင်းပန်ထားရတာ။အိမ်ပြောင်းပြီးရင် အထည်များများကျအောင်ချုပ်ပေးပါမယ်လို့ ကတိ အထပ်ထပ်ခံထားရတာလေ။
~~~~~~~~~~~~~~~~~~~~~~~
         ဘေးခန်းကလူကြောင့် မေဖြူစိတ်ညစ်နေမိတယ်။သူက ညကျတော့ညဉ့်နက်သန်းခေါင်မှပြန်လာပြီး မနက်ကျတော့ နေ့ခင်းထိအိပ်တတ်တယ်။နေ့ခင်းဆိုလဲ မေဖြူက အခန်းတံခါးကိုပိတ်ထားတော့ ဘေးခန်းကလူနဲ့ မဆုံဖူးပေမဲ့ နေတာတစ်ပတ်ကျော်လာတော့ ဘေးခန်းကလူတွေရဲ့ အနေအထိုင်တွေကို သိလာတယ်။ခေါင်းရင်းခန်းကလွဲရင် ကျန်တဲ့ အခန်းတွေအားလုံးက မနက်အလုပ်သွား၊ညမိုးချုပ်မှ ပြန်လာတတ်တဲ့သူတွေမို့ မေဖြူစက်ကို စိတ်ကြိုက်ချုပ်လို့ရတယ်။ခေါင်းရင်းခန်းကလူကြောင့်သာမေဖြူ့မှာ အားနာသလိုဖြစ်နေရတာ။အခန်းတွေက အုတ်ကာထားတာမို့ မကြားရလောက်ဘူးလို့ထင်ထားမိတာ။ တခြားအခန်းတွေက ပြန်လာလို့ ငရုတ်သီးထောင်းတာမျိုး၊ ထုရိုက်တာမျိုးဆိုရင် အသံတွေကြားရတတ်တော့ မေဖြူမှာစက်ချုပ်ရတာကို စိတ်မလုံဖြစ်နေမိတယ်။အားနာစိတ်ဝင်နေမိပေမဲ့ မေဖြူစက်ကို မနားတမ်ချုပ်နေမိတယ်။အမေ့ဆီက ရလာတာကငွေတစ်သိန်း ။ မေဖြူ့ဆီမှာရှိတာက တစ်သိန်းတော့ကျော်တယ်။ ဒီလောက်နဲ့တော့မမအေးပြောသလိုကိုယ်တိုင်စလုပ်ဖို့ မဖြစ်နိုင်သေးဘူး။ မေဖြူ့ချုပ်တာတင်မဟုတ်ဘဲ အညှပ်လဲသင်ရအုံးမယ်။မေပြူ့မှာ ရည်မှန်းချက်တွေ အများကြီးရှိတယ်။တစ်နေ့ကျရင် ဘယ်သူ့အထောက်အပံ့မှမပါဘဲ မေဖြူအောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာကို အမေ့ကိုအရင်ဆုံးသက်သေပြချင်မိတာ။ မေဖြူ အတွေးပေါင်းစုံနဲ့ စက်ကိုချုပ်နေရင်းကစက်ရပ်လိုက်ချိန်မှာ ဂီတာတီးသံခပ်တိုးတိုးကိုကြားလိုက်ရတယ်။ ကြည့်ရတာဒီနေ့တော့ အရင်လို အပြင်ကိုမထွက်ဘူးထင်ပါတယ်။ခါတိုင်း အိပ်ရာကနိုးတာနဲ့ အပြင်ကို ထွက်သွားတတ်တာလေ။ သူ ဘာသာထွက်ထွက်မထွက်ထွက် ညနေအထည်တွေ သွားပို့ရမှာဆိုတော့ မေဖြူလဲအားမနာနိုင်ဘဲချုပ်ရမှာပဲ။ သူလဲ ဂီတာတီးတီးဘာတီးတီး။ ကိုယ့်အလုပ်ကိုယ်လုပ်ကြရုံပေါ့။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now