အပိုင်း ( ၁၉-၂ )
အော်ဟစ်ငိုကြွေးပြီးနောက် လျောင်ဟွေ့ဟွေ့ဟာ လျင်မြန်စွာပင် မောပန်းလာရ၏။ ကျန့်ပေါင်ကျူးက သူမကို စောစောအနားယူပြီး သူမအခန်းကို ပြန်ခိုင်းသည်။ ထန်ယောင်မှာ မိသားစုတွေ့ဆုံပွဲရှိသဖြင့် စောစောထွက်သွားခဲ့သည်။ ကျန့်ပေါင်ကျူးက သူ့အား လျောက်ဟွေ့ဟွေ့က ဘေးကင်းကင်းဖြင့် ပြန်လာပြီဖြစ်ကြောင်း WeChat မှတစ်ဆင့် အကြောင်းကြားခဲ့သည်။
မက်ဆေ့ချ်ပို့ပြီးသည်နှင့် တစ်စုံတစ်ယောက်က တံခါးလာခေါက်၏။ ဝေကျန်းက တစ်ခုခုဆွေးနွေးရန် လာတာပဲဖြစ်မယ်လို့ တွေး၍ ကျန့်ပေါင်ကျူး ထပြီး တံခါးဖွင့်လိုက်သည်။အနက်ရောင်ကုတ်အင်္ကျီဝတ်ထားသည့် ချွီကျစ်က အပြင်ဘက်တွင် ရပ်နေသည်။
ကျန့်ပေါင်ကျူးမှာ မနေ့ညက သူနှင့်အတူ ကခုန်ပြသည့်မြင်ကွင်းကို ပြန်ပြောင်းသတိရကာ ခဏမျှ ငြိမ်သက်နေမိသည်။ ရှက်ရွံ့နေသလို ခံစားလိုက်ရကာ ချွီကျစ်၏အရှေ့မှ မထိန်းနိုင်ဘဲ နောက်ပြန်ဆုတ်မိသွား၏။ သူမက အသာလေး မေးငေါ့ပြလျက် ၊ ဆံပင်ကို လက်ချောင်းများဖြင့် ပွတ်သပ် ၊ ဂရုမစိုက်ဟန်ထင်ရသော မျက်နှာအမူအရာဖြင့်
"ဘာဖြစ်လို့လဲ"
ချွီကျစ်၏အကြည့်များသည် သူမလည်ပင်းကို အမှတ်မထင် ပျံ့လွင့်သွားပြီးနောက် အကြည့်ပြန်လွှဲသွားလေသည်။
"လျောင်ဟွေ့ဟွေ့ ပြန်ရောက်လာပြီလို့ ကိုယ်ကြားတယ် သူမဘယ်လိုနေလဲ"
"သူမ အဆင်ပြေပါတယ် အဲဒီလူယုတ်မာကောင်ကို သူမရဲ့အဆက်အသွယ်တွေကနေ ဖျက်ပြီးပြီ"
"ကောင်းပြီ ဒါဆို ကိုယ်သွားတော့မယ်"
ချွီကျစ် ပြောဆိုပြီးသည်နှင့် ကျန့်ပေါင်ကျူးရဲ့အခန်းထဲမှာ တစ်စက္ကန့်လောက် ထပ်နေရမှာကိုပင် ကြောက်ရွံ့နေသလို အမြန်ထွက်သွားတော့သည်။ ကျန့်ပေါင်ကျူးမှာ သူထွက်သွားတဲ့ပုံကို ကြည့်ပြီး အံ့သြသွားသလို ခံစားလိုက်ရ၏။ သူက သူမကို ရှောင်နေတာလား? မနေ့ညက သူ အရမ်းစိတ်အားထက်သန်နေတာ မဟုတ်ဘူးလား?
မီးအလင်းရောင်ဖြင့် သူမအခန်းထဲပြန်ဝင်ကာ တံခါးကိုပိတ်လိုက်သည်။