အပိုင်း ( ၃၅ )ကျန့်ပေါင်ကျူးသည် သူမလက်ထဲမှာ အရုပ်ကိုကိုင်ထားပြီး ၎င်းက ဟိုတယ်အရုပ်ကောက်စက်မှ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ပို့ဆောင်ရေးစက်ရုပ်သည် မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး ချက်ချင်းပြောလာ၏။
"ချစ်ဧည့်သည်လေး ကျေးဇူးပြုပြီး မင်းရဲ့ပစ္စည်းတွေကို ယူပြီးသွားရင် တံခါးပိတ်ဖို့ မမေ့ပါနဲ့"
ကျန့်ပေါင်ကျူးသည် ထုပ်ပိုးထားသော နှင်းဆီပန်းကိုထုတ်ယူ ၊ တံခါးသော့ခလုပ်ကိုနှိပ် ၊ စက်ရုပ်က တံခါးကိုပိတ်ပြီးနောက်တွင် စကားပြောရင်း သူ့လမ်းအတိုင်း ဆက်သွားတော့သည်။ ကျန့်ပေါင်ကျူးသည် နှင်းဆီပန်းနှင့် အရုပ်ကိုကိုင်ကာ တံခါးကိုပိတ်၍ သူမအခန်းထဲသို့ ပြန်ဝင်လာသည်။
ဒီလက်ဆောင်တွေကို ဘယ်သူပို့တာလဲလို့ သူမတွေးနေမိတယ် ၊ ထန်ယောင်လား?ထန်ယောင်၏ အပျော်သဘောသဘာဝကို တွေးရင်း ကျန့်ပေါင်ကျူး ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူ မဖြစ်နိုင်ဘူး ၊ သူသာ အရုပ်ကောက်နိုင်ခဲ့မယ်ဆိုရင် သူက ဧည့်ခန်းမထဲမှာ အသံချဲ့စက်နဲ့ ထိုအကြောင်းကို အကြီးအကျယ် ဇာချဲ့နေလိမ့်မယ်။ လက်ဆောင်များပေးခြင်း၏ ဤထူးခြားသောနည်းလမ်းသည် ချွီကျစ်နှင့်ပိုတူသည်ဟု ထင်ရ၏။
ဒါပေမဲ့ ချွီကျစ်ကလား? ကျန့်ပေါင်ကျူးကိုယ်တိုင်ပင်လျှင် အတွေးခေါင်နေပုံရသည်။ သို့သော်လည်း ၎င်းကိုလုပ်နိုင်သော အခြားမည်သူ့ကိုမျှ မစဉ်းစားနိုင်ပေ။ သူမ ဒီကိစ္စကိုတွေးနေရင်း ထန်ယောင်က သူမကို ဖုန်းဆက်လာသည်။
ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျန့်ပေါင်ကျူးက မျက်ခုံးပင့်ကာ ပြန်ဖြေ၏။"မစ္စတာထန် တစ်ခုခုလိုအပ်တာများ ရှိလို့လား"
အခြားတစ်ဖက်တွင် ထန်ယောင်က ညည်းညူလာသည်။
"ငါ့အဖေက ငါ့ကို သေအောင်သတိပေးနေသလိုမျိုး ငါ့ကို နားပူနားဆာလုပ်နေတာ နောက်တစ်ခါကျမှပဲ ငါ မင်းကို အရုပ်ကောက်ပေးနိုင်တော့မယ်ထင်တယ်"
"အဲဒီအတွက် မလိုပါဘူး"
ကျန့်ပေါင်ကျူး ပြန်ဖြေရင်း သူမလက်ထဲက အရုပ်ကို စိုက်ကြည့်နေမိသည် ၊ အမှန်တော့ ထန်ယောင်ကောက်ထားတာ မဟုတ်ဘူးပဲ။