အခန်း ၁၈။ စွမ်းအားကြီးထောက်တိုင်ဆယ်ခု
အဆုံးမဲ့နတ်ဘုရားမိုးကြိုးတို့ကျဆင်းလာခဲ့သည်ကိုမြင်သော် ကိုယ်ရံတော်နှစ်ဦးသည် လက်သီးနှစ်လုံးပစ်သွင်းကာ ချိုးဖျက်လိုက်သည်။ ထို့နောက်သူတို့နှစ်ဦးသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ မိုးကြိုးယူနီကွန်နှစ်ကောင်ရှေ့သို့ သွားလိုက်ကြသည်။ ထို့နောက် လက်တစ်ဖက်ဖြင့် သားရဲနှစ်ကောင်ကို နားရင်းဖြတ်အုပ်လိုက်သည်။
သူတို့သည် ခွန်အားအပြည့်စိုက်ထုတ်၍ ရိုက်လိုက်ခြင်းမဟုတ်ရာ ယူနီကွန်နှစ်ကောင်သည် အောက်သို့ပုန်၍လဲကျသွားပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိတော့သော်လည်း ဒါဏ်ရာကြီးကြီးမားမားမရသွားကြပေ။
ထို့နောက် ကိုယ်ရံတော်နှစ်ယောက်သည် မိုးကြိုးယူနီကွန်နှစ်ကောင်ကို အလွယ်တကူပင် ဖမ်းဆီးလိုက်ကြသည်။
သို့သော်လည်း စိတ်ဝိညဉ်နတ်ဘုရားအဆင့် နတ်ဆိုးသားရဲများဆိုသည်မှာ ယဉ်ပါးအောင်ပြုလုပ်ရန်မှာ မလွယ်ကူပေ။ မိုးကြိုးယူနီကွန်ကဲ့သို ရှေးဟောင်းရှားပါးမျိုးစိတ်များဆိုလျှင်တော့ ပြောနေရန်ပင် မလိုအပ်တော့ပေ။
မည်သို့ပင် ဆိုစေကာမူ လုရီဖျင်သည်တော့ လက်ညိုးတစ်ချောင်းသာ ညွှန်ပြလိုက်ရာ အလင်းတန်းနှစ်ခုထွက်လာခဲ့ပြီး သားရဲနှစ်ကောင်ပေါ်ကျရောက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားခဲ့သည်။
ထို့နောက်သူသည် ကျောက်ဝမ်နှင့် ဝေ့ပမ်းတို့နှစ်ဦးကို စိတ်ဝိညဉ်သန့်စင်ခြင်းနည်းစနစ်ကို အသုံးပြုစေ၍ သားရဲနှစ်ကောင်ကို သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ဆွဲသွင်းစေလိုက်သည်။
စိတ်ဝိညဉ်သန့်စင်ပြီးလျှင် သားရဲတို့သည် သခင်၏ ခန္ဓာကိုယ်အတွင်း၌ နေထိုင်နိုင်စွမ်းရှိကာ ရန်သူနှင့် တိုက်ခိုက်သည့်အချိန်တွင် သခင်နှင့် ပေါင်းစပ်၍ပင် အတူတကွတိုက်နိုင်စွမ်းရှိ၏။
ကိစ္စတို့ပြီးဆုံးသော် သူတို့သည် ဆက်လက်၍ ခရီးဆက်လိုက်ကြသည်။
မိုးကြိုးယူနီကွန်သားရဲတို့၏ မှတ်ဉာဏ်များအရဆိုလျှင် ဤမဟူရာငရဲတောအုပ်၌ မတူညီသော ဒိုင်မန်းရှင်းပေါင်းများစွာရှိနေခဲ့ကာ ဒန်းမန်းရှင်းတစ်ခုဆီ၌ မတူညီသော ရှေးဟောင်းဒဏ္ဍာရီလာမိုးကြိုးသားရဲများနေထိုင်ကျက်စားနေကြ၏။