အခန်း ၂၂။ အရိုးဖြူဂိုဏ်း
လုရီဖျင်တို အဖွဲ့သည် ဓူဝံကြယ်အင်ပါယာသို့ ဆက်လက်ခရီးခဲ့ကြသည်။
အရက်အနည်းငယ်ကြာသော်…..
ဓူဝံကြယ်အင်ပါယာကြီးအား တွေ့မြင်လာကြရသည်။
“သခင် ဒီသင်္ချိူင်းကြီးကိုဖြတ်ပြီးရင်မြင်နေရတဲ့ နယ်စပ်မျဉ်းဟာ ဓူဝံကြယ်အင်ပါယာပါဘဲ”
ကျန်းကျင်းသည် သူ့ရှေ့ရှိ ချုံနွယ်ပိတ်ပေါင်းတို့ထူထဲနေသော တောင်ကုန်းကြီးကို လက်ညိုးညွှန်၍ ပြောလိုက်သည်။
ဓူဝံကြယ်အင်ပါယာနှင့် လကိုးကွယ်သူအင်ပါယာတို့သည် ဤနယ်စပ်စည်းမျဉ်း၌ မကြာခဏဆိုသလို စစ်ပွဲများဖြစ်ပွါးကြ၏။
ဤနေရာရှိဂူအများစုသည် ဓူဝံကြယ်အင်ပါယာ၏ တိုက်ပွဲအတွင်းကျဆုံးခဲ့သော စစ်သည်ရဲမက်တို့ကို မြုပ်နှံ့ထားခြင်းဖြစ်လေသည်။
တောင်ကုန်းများသည် အတော်လေးကြီးမားကြကာ အဆုံးမဲ့အုတ်ဂူများဖြင့်ပြည့်နှက်နေခဲ့သည်။
၎င်းအား သင်္ချိုင်းကြီးတစ်ခုဟု ဆိုကြသော်လည်း အမှန်တကယ်တွင် နိုင်ငံ့ဂူသင်္ချိုင်းဟု ပြော၍ရကာ မျက်စိတစ်ဆုံးအဆုံးမဲ့ ဂူများဖြင့် ပြည့်နှက်နေခဲ့သည်။
လုရီဖျင်သည် ပတ်ဝန်းကျင်အားတစ်ချက်ကြည့်ကာ ခေါင်းငြိမ့်၍ပြောလိုက်သည်။
“ကောင်းပြီ ဆက်သွားကြတာပေါ့”
စစ်ရထားသည် ကောင်းကင်ထက်သို့မှ ကြီးမားသောအုတ်ဂူကြီးများကိုဖြတ်၍ ခပ်ဖြည်းဖြည်းသွားလိုက်သည်။
အချိန်သည် သန်းခေါင်းယံသို့ပင်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ဂူများအကြားတွင် အေးစက်စက်လေများတိုက်ခတ်နေခဲ့ကာ တစ်ချက်တစ်ချက် လေတိုးသံသည် တစ္ဆေတစ်ကောင်ငိုငြီးနေသလိုအသံများထွက်နေခဲ့သည်။
အသည်းငယ်သော လူများအဖို့ ဤကဲ့သို့ အသံများကြားသည်နှင့် ခြေထောက်ပင် ပျော့ခွေသွားပေလိမ့်မည်။
ဤနေရာ၌ နှစ်ပေါင်းမရေမတွက်နိုင်သော ကာလကရင်း သေဆုံးသည့်စစ်သည်များကို မြုပ်နှံထားခဲ့သည်။ အရေအတွက်မည်မျှမြုပ်နှံထားသည်ကို တွေးကြည့်၍ပင်မရနိုင်ပေ။ သို့ဖြစ်ရာ ဤနေရာရှိ ယင်စွမ်းအင်တို့သည် အံ့အားသင့်စရာပမာဏလောက်ထိ မြင့်မားနေခဲ့သည်။