Part - 26

7.1K 207 9
                                    


🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 26 (Unicode)

ဘွားလေး ဒေါ်နန်းမြတ်နွယ်သည် သတို့သမီးကို ကြိုဆိုဂုဏ်ပြုတဲ့အနေဖြင့် ထုံတမ်းအစဥ်အလာတွေအတိုင်း နူး ဒီစံအိမ်ကို စရောက်တဲ့နေ့ညပိုင်းတွင် သူမတို့နဲ့အတူ မိသားစုညစာစားပွဲကို တက်ရောက်လာခဲ့ပြီး ကန့်ကွက်တာမျိုး ထပ်မလုပ်တော့ပဲ နူးကို အသိအမှတ်ပြုပေးယုံ အပြုံးလေးနဲ့ ပြုံးပြပါသည်။

သို့သော် ဘွားလေးသည် ထိုညစာစားပွဲ ပြီးသွားကတည်းက အခန်းထဲကနေ ထပ်မထွက်လာတော့တာမို့... နူးနဲ့ နောက်ထပ် မဆုံတွေ့ဖြစ်တော့တာကြောင့် သူမတို့ မင်္ဂလာပွဲကို တကယ့်စိတ်ရင်းနဲ့ အသိအမှတ်ပြု လက်ခံပေးခဲ့တာ ဟုတ်,မဟုတ်ကိုတော့ ဘွားလေး ကိုယ်တိုင်ပဲ သိပေလိမ့်မည်။

မောက်ကွမ်းစံအိမ်တော်မှာ ကျင်းပမည့်မင်္ဂလာပွဲကို ရှမ်းဓလေ့အစဥ်အလာအတိုင်း ပြုလုပ်ကျင်းပမှာ ဖြစ်တာကြောင့် ကြည်နူးသဒ္ဓါငယ်သည် ရှမ်းဓလေ့ရိုးရာတွေနဲ့ စံအိမ်တော်ရဲ့ ထုံးတမ်းအစဥ်အလာတွေကို အကြီးအကဲပိုင်း အမျိုးသမီးကြီးတွေဆီကနေ ရက်အနည်းငယ်အတွင်း ကြိုးစားသင်ယူခဲ့ရပြီး မေမေကလည်း သူမကိုယ်တိုင် အနားမှာနေ၍ သေချာသင်ပြပေးတာကြောင့် မြန်မြန်ဆန်ဆန်ပဲ သင်ယူနိုင်ခဲ့သည်။

ဒီစံအိမ်တော်ကို ရောက်ရှိလာခဲ့ရတော့မှ သူမ ဝင်ရောက်လာခဲ့ရသော မိသားစုအသိုင်းအဝိုင်းက မည်မျှအထိ ကြီးမာတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး... နောင်တချိန်မှာ ဒီစံအိမ်တော်ကြီးရဲ့ အရာရာကို စီမံအုပ်ချုပ်ရမည်ဆိုလျှင်... သူမကိုယ်သူမ လုပ်နိုင်ပါ့မလားဆိုတဲ့ အနည်းငယ် စိုးရိမ်စိတ်လေးဖြစ်နေမိတာကို ရိပ်မိတဲ့ မေမေက စိတ်မလောပဲ တဖြည်းဖြည်းချင်းပဲ သင်ယူလို့ ရတယ်ဟု နူးကို နှစ်သိမ့်ပေးလာလေသည်။

ဖေဖေနဲ့ ကိုကြီးတို့ကလည်း ပွဲအတွက် အစစအရာရာ အဆင်ပြေချောမွေ့စေရန် စီစဥ်ညွှန်ကြားနေကြရသလို မင်္ဂလာပွဲတက်ရောက်ဖို့ ရပ်‌ဝေးရပ်နီးမှ ကြိုတင်ရောက်ရှိလာကြတဲ့ ဆွေတော်မျိုးတော်တွေကို ဧည့်ဝတ်ကြေပွန်စွာ စီစဥ်ဧည့်ခံပေးနေရပြီး... တချို့လုပ်ငန်းရှင် ဧည့်သည်တော်တွေပါ ရောက်ရှိနေတာကြောင့် စီးပွားရေးကိစ္စတွေနဲ့လည်း ဆက်စပ်နေ၍ သီးသန့်အချိန်ပေးနေရတာနဲ့ မအားလပ်နိုင်ကြပေ။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now