Complicated 21
ဘာလိုလိုနှင့် ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ကိုရောက်လာခဲ့ပြီဖြစ်၍ သူတို့သူငယ်ချင်းတစ်သိုက်တော့ တော်တော်လေးပျော်နေပါသည် ။ ပြည့်လျှံမှလွဲ သူတို့လေးယောက်က စာအရမ်းလုပ်နေသူများမဟုတ်သည့်တိုင် အနည်းနှင့်အများတော့ ဖိအားရှိခဲ့ကြတာမဟုတ်လား ။ စာကျက်ချင်ချင် ၊ မကျက်ချင်ချင် ကျက်ခဲ့ကြရပြီး ဆယ်တန်းပြီးလျှင်တော့ တစ်ဘဝလုံးစာအပန်းဖြေပစ်မည်ဟုတစ်မျိုး ၊ မထဘဲအိပ်ပစ်မည်ဟုတစ်ဖုံဖြင့် သူတို့ကျောင်းသားတိုင်းကြုံးဝါးဖူးသည်မှာ သေချာသည်။
စာမေးပွဲကြီးပြီးသွားလျှင် သူတို့ငါးယောက်သားတစ်ခဏတော့အလေလိုက်ကြဦးမည်ဖြစ်ပြီး နွေရာသီတွင်လုပ်မည့်အလုပ်အသီးသီးကိုလည်း စီစဉ်ထားကြပြီးဖြစ်၏ ။
အင်္ဂလိပ်စာဆရာဖြစ်ချင်သည့်ပြည့်လျှံက အင်္ဂလိပ်စာနှင့်ပတ်သက်ပြီးဆက်လက်လေ့လာနေဦးမှာဖြစ်သလို ၊ ရှိုင်းထက်က သူ့အစ်ကိုဝမ်းကွဲဖောင်ဒေးရှင်း၏ Summer Program မှာ volunteer လုပ်ဖြစ်မည်ဟုဆိုသဖြင့် ဖြစ်နိုင်တာကတော့ခရစ်စ်လည်း ရှိုင်းထက်အနောက်ကို တန်းတန်းမတ်မတ်ကြီးလိုက်လိမ့်မည် ။ ကြည်သာက အကလေ့ကျင့်ဖြစ်မည်ဟုလေးလေးနက်နက်ပြောဖူးသလို မင်းသီဟကတော့ ဖေဖေနှင့်ကိုကြီး၏အလုပ်ကိုကူရင်း Graphic Design သင်ယူရန် စိတ်ကူးထားပါ၏။
နွေရာသီတွင်လုပ်ဖြစ်မည့်အကြောင်းများကိုတွေးမိကာမှ ခံ့လည်း နွေရာသီမှာဘာလုပ်မလဲဆိုတာ သူ သိတော့သိချင်မိသည် ။
စာမေးပွဲဖြေဆိုရသည့် ထ ( ၁ ) ရှေ့တွင် သူတို့ကျောင်းမှအချင်းချင်းနှုတ်ဆက်နေကြသည့်အုပ်စုထဲ မင်းသီဟ မျက်လုံးလျင်လျင်ရှာမိတော့ ပြည့်လျှံနှင့်စကားရပ်ပြောနေသည့်ခံ့ကိုတွေ့လိုက်ရသည် ။ စာမေးပွဲဖြေသည့်တစ်လျှောက်လုံး ရှပ်အင်္ကျီလက်တိုသာဝတ်သည့်ခံ့က ယနေ့လည်း ရှပ်အင်္ကျီလက်တိုနှင့်ယူနီဖောင်းအပြည့်အစုံဖြင့်ရှင်းသန့်နေဆဲပင် ။
သူ့သူငယ်ချင်းတွေကိုခဏထားခဲ့ပြီး ခံ့ဆီသို့ သူလျှောက်သွားမိခြင်းဟာ နောက် ဆုံနိုင်ရန်ခက်ခဲသွားပြီဖြစ်သည့်ကျောင်းနေဖက်ရန်ဖြစ်ဖော်လေးကိုနှုတ်ဆက်ချင်ပြီး ပန်းချီပြပွဲတွင်ပြသခွင့်ရသည့်အတွက် ပြောချင်နေခဲ့သည့်ဂုဏ်ပြုစကားကိုပြောရန်ဖြစ်၏။
