Complicated 20
" မနက်ဖြန်စာမေးပွဲဖြေနိုင်ပါစေ ခံ့ "
" အင်း မင်းရောပဲ "
စာအုပ်တွေစစ်နေသည့်ခံ့အသံက ပင်ကိုယ်အတိုင်း ခပ်အေးအေး ခပ်တန်းတန်းသာ။
သူနှင့်ခံ့ မနက်ဖြန်ဖြေရမည့်မြန်မာစာကိုကြည့်ပြီးတော့ ည ၁၀ နာရီထိုးပြီဖြစ်သည်။ အချိန်တိုအတွင်း ပြည့်ပြည့်စုံစုံကြည့်နိုင်ရန် ခံ့နှင့်ပြည့်လျှံ ရွေးထုတ်ပေးထားသည့်မှတ်စုများကိုသာ သူတို့တွေယုံကြည်စွာကြည့်ဖြစ်ခဲ့ကြပြီး အသီးသီးအခန်းထဲဝင်သွားသည့်နောက် သူကသာ ခံ့နှင့်နေရစ်ခဲ့ခြင်း။
စာအုပ်တွေကို လွယ်အိတ်ထဲစီစီရီရီထည့်ပြီး မနက်ဖြန်ယူသွားမည့်စာရေးကိရိယာများကိုပါ သေချာစစ်နေသည့်ခံ့က စေ့စပ်သေချာသူလည်းဖြစ်သည် ။
ထို့နောက် ပစ္စည်းများကိုသယ်ပြီး အခန်းထဲသို့ဝင်သွားသည့်ခံ့က သူ့ကို တစ်ချက်လေးတောင်ကြည့်မသွားပါ ။ အမှန်အတိုင်းပြောရပါလျှင် ခံ့က သူနှင့်ကြည်ကြည်ဖြူဖြူ စာကြည့်ပေးတာကပင် တော်တော်လေးအံ့ဩစရာကောင်းပြီး ကျေးဇူးတင်စရာဖြစ်နေလေပြီ။
ခံ့က သူတို့သူငယ်ချင်းတွေအပေါ် ဘယ်လောက်တောင်လွှမ်းမိုးမှုရှိသလဲဆိုလျှင် မင်းသီဟတို့သူငယ်ချင်းတစ်သိုက် မုန့်ဆိုင်မှပြန်လာလာချင်း ' ဒါတွေကြည့် ' ဟုဆိုရင်း ခံ့ချပေးလာသည့် မှတ်စုစာရွက်ကြီးကိုကိုင်လို့ မြန်မာစာစကြည့်ရတော့တာပင်။ သူတို့တွေဘာမှမမေးရသလို ဘာမှလည်းပြန်မပြောခဲ့ပါ ။ အပေါ်ထပ်ရှိ ဧည့်ခန်းမှာ ခြောက်ယောက်သား တစ်ယောက်တစ်နေရာစီငြိမ်ငြိမ်လေးထိုင်၍ စာကြည့်ဖြစ်ခဲ့ပါ၏။
မကြည့်လို့လည်းမရပါ ။ ရုပ်တည်ကြီးနှင့်ခံ့က ' အလေလိုက်တာတော်ပြီး စာကြည့်တော့' ဟုဆူနေသယောင်ယောင်ဖြစ်၍ သူတို့မှာ ငြိမ်ငြိမ်ကလေးနှင့် စာကြည့်လိုက်ရသည် ။ တကယ်တမ်း ခံ့ကလည်း သူတို့ကို စေတနာနှင့်မှတ်စုထုတ်ပေးခြင်းပင်မဟုတ်ပါလား ။
မင်းသီဟ အခန်းထဲဝင်သွားချိန် ကြည်သာက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေပြီ။ ကြည်သာ့ဘေးတွင်ပက်လက်ကလေးဝင်လှဲပြီး မင်းသီဟ နဖူးပေါ်လက်တင်လိုက်မိသည် ။ သည်အတောအတွင်း ခံ့နှင့်ပတ်သက်သည့်သူ့ရှုပ်ထွေးမှုများကို အတတ်နိုင်ဆုံးမသိချင်ယောင်ဆောင်ခဲ့ပြီး မင်းသီဟ ဘာသိဘာသာပင်နေခဲ့သည် ။
