Part 6 — စားရမှာလား၊ မစားရဘူးလား။
ယဲ့မိသားစုသည် စာပေသမားမိသားစုဖြစ်သော်လည်း မိသားစုထုံးတမ်းစဉ်လာများက အလွန်ရှေးဆန်မနေပါ။ သူမသားနှစ်ယောက်က ဆော့လိုက်ကစားလိုက်ရှိနေကြသည်ကိုမြင်သော် သခင်မအန်းမှာ ဒါဟာဘာမှမှားနေသည်ဟု မထင်ပေ။ ထို့အစား ကလေးများက တက်တက်ကြွကြွရှိနေသည်ကို သူမ ပျော်ပျော်ရွှင်ရွှင်ပင် ကြည့်နေလိုက်သည်။
ယဲ့ချုံဟွေးက ပျော့ပျော့အိအိ လက်ပိစိလေးကို ဆွဲယူလိုက်ပြီး လက်ချောင်းဖြူဖြူလေးများက အနည်းငယ် နီရဲနေသည်ကို မြင်သောအခါ ပြောလာသည်။
"လက်လေးနာသွားပြီ၊ ကိုကိုမှုတ်ပေးမယ်နော်"
ပြောပြီးနောက်တွင် သူက အမှန်တကယ်ပင် ခေါင်းငုံ့လာကာ လက်လေးကို မှုတ်ပေးလာသည်။ ဤသည်မှာ သူ့ကို ကလေးတစ်ယောက်လို သဘောထား၍ ချော့နေသည်မှာ အသိသာကြီးပေ။ ယဲ့ချုံကျင် တအားတအား ဒေါသထွက်သွားပြီး သူ့အဖိုးတန်လက်သေးသေးလေးကို ခပ်ပြင်းပြင်းပြန်ဆွဲယူလိုက်သည်။ သူ့ပုံစံက ၁ နှစ် ၂ နှစ်နှင့်တူသော်လည်း အမှန်တကယ်က ၃ နှစ်ကလေးလေးသာဖြစ်ကြောင်း လုံးဝမေ့လို့သွားလေသည်။
သခင်မအန်းက နှုတ်ခမ်းစေ့လျက် ပြုံးနေသည်။ သူမသားငယ်လေးက စိတ်ဆိုးစွာဖြင့် စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ သူမ ချက်ချင်းပင် အပြုံးရပ်လိုက်ပြီး လှည့်ပြောလိုက်သည်။
"ဟွေးအာ၊ မင်းကြောင့် အားကျင် ဘယ်လိုတောင်စိတ်ဆိုးသွားလဲကြည့်ပါဦး၊ အစ်ကိုကြီးပုံစံနဲ့တူသေးရဲ့လား၊ နောက်တစ်ခါ ဒီလိုမလုပ်ရဘူးနော်"
ယဲ့ချုံဟွေးက တစ်ချက်ပြုံးလိုက်သော်လည်း လက်မခံဘဲ ပြောလိုက်သည်။
"အမေ၊ ဟွေးအာက အားကျင်ကို သဘောအကျဆုံးမို့လို့ပါ"
သခင်မအန်းက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်ပြီး သားကြီးဖြစ်သူရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ကာ စိတ်ရင်းဖြင့် ပြောသည်။
"ဟွေးအာက ကိုကိုလေ၊ ကိုကိုက ညီလေးကို ကာကွယ်ရမှာ၊ အားကျင်ကို သူများအနိုင်ကျင့်တာမခံရစေနဲ့နော်၊ နားလည်လား"
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation