Part 19 — အဖေနှင့်သား။
နောက်တစ်နေ့တွင် ယဲ့ချုံကျင် ဖူနင်ခြံဝန်း၌ နိုးလာခဲ့သည်။ သူနိုးလာသည်ကို မြင်သောအခါ အဘွားအန်းက အစေခံမိန်းကလေးအား သူ့ကို ဆေးကြောသန့်စင်ပေးခိုင်းလေသည်။
ကလေးလေးရဲ့မျက်နှာမှာ ရှုပ်ထွေးမှုတချို့ရှိနေဆဲဖြစ်ပြီး သူ့အသားအရည်လေးမှာ အနီရောင်ဖျော့ဖျော့သန်းကာ ဖြူဖွေးလို့နေသည်။ သူ့မျက်လုံးလေးများက ဝေဝေဝါးဝါးဖြင့် တုံးတုံးအအပုံစံလေးပေါ်နေကာ ကောင်းကောင်းမအိပ်ခဲ့ရသည့်အလား။ သူ သူ့နားထင်များကို ပွတ်သပ်နေစဉ် အဘွားအန်းက မေးလာသည်။
“သခင်လေး ညက သေရည်သောက်ခဲ့သလား”
ယဲ့ချုံကျင်ရဲ့အမူအရာ တောင့်ခဲလို့သွားသည်။ သူ အလျင်အမြန်ခေါင်းခါလိုက်ပြီး အပြစ်ကင်းသောမျက်နှာလေးဖြင့် ပြောသည်။
“အားကျင်မသိပါဘူး၊ ရေနှစ်ငုံပဲသောက်ခဲ့တာပါ”
အဘွားအန်းက သူမလုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
“သခင်လေးက သိပ်ဉာဏ်ကောင်းတဲ့ဥစ္စာ၊ ရေနဲ့သေရည်နဲ့ ကွာခြားချက်ကို ဘယ်လိုလုပ်မသိဘဲနေမလဲ၊ အသစ်အဆန်း စမ်းကြည့်ချင်လို့ တမင်လုပ်တာဖြစ်နေမှာစိုးရပါတယ်”
ပေါ်သွားပြီးနောက်တွင် ယဲ့ချုံကျင်သည် မလိုက်လျောဘဲ ပြောလိုက်သည်။
“ကရားက စားပွဲပေါ်တင်ထားတာကို၊ လူတွေသောက်ဖို့ပဲမဟုတ်ဘူးလားလို့”
အဘွားအန်းမှာ စိတ်ဆိုးနေသော်လည်း စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး အလေးအနက် ပြောလေသည်။
“သခင်လေးရယ် ဒီအဘွားကြီး ပွစိပွစိလုပ်လိုက်တာလို့တော့ မထင်ပါနဲ့၊ အဲ့ဒီသေရည်ဆိုတာ ဘာမှကောင်းတဲ့အရာ မဟုတ်ဘူး၊ လူကြီးတွေ သောက်လို့ မူးသွားရင် အပြစ်ပြန်ခံရတတ်တယ်၊ သခင်လေးက ရောဂါကနေ နာလန်ထူခါစ ရှိသေးတာ၊ ခန္ဓာကိုယ် တစ်ခုခုထိခိုက်သွားမှဖြင့် ကျွန်မတို့တတွေပါ စိတ်ဆင်းရဲရမယ်မဟုတ်လား၊ အရင်က သခင်မ သခင်လေးအတွက် မျက်ရည်ကျခဲ့ရဖူးတာတွေ မမှတ်မိတော့ဘူးလားရှင်”
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation