Chapter 34

226 36 0
                                    


Part 34 — ငိုပြီ။
Duan Fei Lin (段飞林)June 03, 2024

လောကရှိ အရာရာတိုင်းတွင် သူ့ကိုယ်ပိုင်သဘာဝ ရှိကြသည်။ နတ်ဒရယ်သည် နဂိုက တောင်တန်းမြစ်ချောင်းများတွင် လှည့်လည်ကျက်စားကာ ပေါ့ပါးလွတ်လပ်စွာ နေထိုင်နေသည့်တိုင် ယခုမူ နေရာသေးသေးလေးတွင် ပိတ်လှောင်ခံထားရသည်။ ဤသည်ကို အဘယ်သို့ "အကောင်း"ဟု ခေါ်နိုင်ပါမည်နည်း။ 

ကလေးလေးသည် လက်ဖဝါးအောက်ရှိ နှင်းဖြူရောင်အမွေးများကို ပွတ်သပ်နေသည်။ ဒရယ်ဖြူ၏အမွေးသည် နူးညံ့‌မနေဘဲ သူ့ဗီဇကဲ့သို့ပင် အနည်းငယ် စူးရှရှ ထိုးထိုးထောင်ထောင်ရှိသည်။ ဤသို့ တင့်တယ်လှပပါသော နတ်သတ္တဝါ ဖြစ်လျက်သားနှင့် ၎င်းက မြင့်မားမတ်စောက်သည့် တောင်ပေါ်ဒေသများကို သဘောကျကာ မျိုးရိုးအစဉ်အဆက် တောတောင်များထဲတွင်သာ သီးခြားနေထိုင်ခဲ့ကြသည်။ အကျင့်စရိုက်က ခေါင်းမာကာ ဇွဲကြီးမှန်း မြင်နိုင်ပေသည်။ 

သူ ငုံ့ကိုင်းချလိုက်ပြီး ပိန်ချုံးနေသော ဒရယ်ကို ရင်ခွင်ထဲပွေ့လိုက်ကာ တိုးတိုးလေးပြောသည်။

"ငါလည်း မင်းကို အိမ်ပြန်လွှတ်ပေးချင်ပါတယ်၊ ဒါပေမယ့် မင်းက အိမ်ရှေ့စံအရှင့်သား ချီးမြှင့်ထားတဲ့အရာ၊ အကယ်လို့ မင်းပျောက်သွားရင် တော်ဝင်မျိုးနွယ်ကို မလေးမစားလုပ်ရာကျပြီး ပြစ်ဒဏ်သင့်ရလိမ့်မယ်၊ အားကျင် မိသားစုလုံခြုံရေးကို ဂရုမစိုက်လို့မဖြစ်ဘူးလေ၊ မင်းနားလည်ပေးနော်"

လောကတွင် မိမိကိုယ်မိမိ မပိုင်သူများ အများအပြား ရှိသည်။ အမတ်ချုပ်၏သားပင်လျှင် လုပ်နိုင်စွမ်းမရှိသည့်ကိစ္စများ ရှိပေသည်။

နှစ်စပိုင်းတွင် အလွန်အေးသည်၊ တင်းကုပ်သည် မသန့်ရှင်းသဖြင့် အဘွားအန်းမှာ မလွှဲသာစွာပင် မပျော်မရွှင်ဖြစ်လာလေကာ ညင်ညင်သာသာဖြင့် အကြံပြုလိုက်၏။

"သခင်လေး၊ ဒရယ်ဖြူကိုလည်း ကြည့်ပြီးသွားပါပြီ၊ ကျွန်မတို့ မနက်စာသုံးဆောင်ဖို့ အခန်းထဲပြန်ကြရအောင်လေ၊ နောက်ကျသွားရင် အစားအသောက်တွေ အေးကုန်လိမ့်မယ်ရှင့်"

ယဲ့ချုံကျင် ခေါင်းယမ်းလိုက်ပြီး မျက်လွှာလေးချကာ ဆက်လက်၍ တီးတိုးပြောနေသည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now