Chapter 23

292 28 0
                                    


Part 23 — နှစ်ဆုံး။
May 29, 2024

နှစ်ကုန်ပိုင်းက နီးကပ်လာနေပြီဖြစ်သည်။ ယခင်နှစ်များတွင် သခင်ကြီးယဲ့သည် မွေးရပ်မြေ ကျင်းကျိုးသို့ပြန်ကာ ‌ဘိုးဘေးများကို ကန်တော့လေ့ရှိသည်။ သို့သော် သည်နှစ်တွင်တော့ မတော်တဆ အအေးမိကာ ရက်အနည်းငယ်လောက် ဆေးသောက်နေရလေသည်။ သို့သည့်တိုင် ဆေးသောက်နေသော်လည်း တိုးတက်မှုမရှိ။ ကျင်းကျိုးသို့ အသွားအပြန်နှင့်တင် လဝက်ကျော်လောက် ကြာမည်ဖြစ်ကာ လမ်းမှာလည်း ခလုတ်ကန်သင်းများရကား သခင်ကြီး ခံနိုင်မည်မဟုတ်ချေ။ ယဲ့ယန်ပိုင်မှာ ထိုအကြံအား လက်လျှော့လိုက်ရန် သခင်ကြီးအား ဖျောင်းဖျစည်းရုံးရလေသည်။

မူလကတော့ အမတ်ချုပ်ယဲ့သည် သူ့အဖေအစား ဤခရီးကို သွားသင့်သော်လည်း ယခုတွင် သူသည် အရေးပါသော ရာထူးနေရာတွင်ရှိကာ ဧကရာဇ်ချင့်ကျုံးက အရာရာ သူ့ကို အားကိုးနေရသည်။ သူ ဘယ်လိုမှ ခွင့်မယူနိုင်သဖြင့် ကျင်းကျိုးရှိ ဦးလေးများ မောင်နှမဝမ်းကွဲများဆီသို့ စာရေးကာ တောင်းပန်ရပြီး နောက်နှစ်တွင် မိသားစုနှင့်အတူ မွေးရပ်မြေသို့ ပြန်လာကာ ဘိုးဘေးများအား အပြစ်ပြန်ဆပ်မည်ဖြစ်ကြောင်း ပြောရသည်။

လက်တလောတော့ ထိုကိစ္စ ပြီးသွားပြီဖြစ်သည်။

ခန်းရှို့ခြံဝန်း၌ သခင်မအန်းသည် ခရမ်းပြာရောင် ရေလှိုင်းသဏ္ဍာန်များပါသည့် မီးဖိုဆောင်ဝတ် ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားပြီး စားဖိုဆောင်အသေးလေးထဲတွင် သခင်ကြီးအတွက် စွပ်ပြုတ်ကျိုပေးနေသည်။ စွပ်ပြုတ်အညွှန်းသည် နန်းတွင်းရှိ တော်ဝင်သမားတော်ထံမှ ရခဲ့ခြင်းဖြစ်ပြီး အအေးမိခြင်း သက်သာစေရန် သူမ ဆေးရွက်အနည်းငယ် ထပ်ထည့်ထားသည်။

အနီးအနားတွင် ဘယ်သူမှမရှိသည်ကို မြင်သောအခါ အဘွားအန်းက သူမအနီးသို့ကပ်လာပြီး အသံတိုးတိုးဖြင့် မေး၏။

“သခင်မ၊ အရင်က သခင်မကြီးပြောထားတာ မှတ်မိပါသေးလားရှင်”

သခင်မအန်းသည် မသိမသာ မျက်မှောင်ကြုတ်လို့သွားပြီး ခပ်ဖွဖွ သက်ပြင်းချသည်။

“အမေက အားကျင်နဲ့ဟွေးအာတို့ကို တွေ့ချင်ပြီး မိသားစု ပြန်ဆုံစည်းချင်တာ၊ ကျွန်မကရော မဖြစ်စေချင်ဘဲ နေပါ့မလား၊ ဒါပေမယ့် အခု ယောက္ခထီးကြီးအခြေအနေက ခန့်မှန်းမရဘူးလေ၊ ယောင်္ကျားကလည်း အရာရှိတာဝန်တွေနဲ့ အလုပ်များနေရတာ၊ ကျွန်မ ဘယ်မှာပြောရဲမှာလဲရှင်၊ သခင်ကြီးကို ဒေါသထွက်အောင်လုပ်မိရင် ယောင်္ကျားက ကျွန်မကို ကွာရှင်းလိုက်မှာစိုးရပါတယ်”

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now