Chapter 12

287 34 0
                                    


Part 12 — ရှောင်လွှဲမရနိုင်ပါသော။

ထောက်ခနဲအသံတစ်သံနှင့်အတူ အခန်းတွင်းရှိ တေးဂီတသံက ရုတ်ချည်းရပ်တန့်လို့သွားသည်။ ဒါဟာ ကြိုးပြတ်သွားခြင်းပင်။ 

တီးခတ်သူက အသိပြန်ဝင်လာပြီး ကမန်းကတမ်း မြေပေါ်ဝပ်တွားလိုက်ကာ အလေးအနက် တောင်းပန်လေသည်။ ယဲ့ချုံကျင် စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်လာပြီးနောက် ‌ခြေထောက်တိုတိုလေးများဖြင့် သူ့အဖေလက်မောင်းများထဲ လျှောက်သွားလိုက်ကာ ဖွဖွလေးခေါ်လာသည်။

“ဖေဖေ”

ကလေးငယ်လေးက လရိပ်ဖြူရောင် ရူယိဘရိုကိတ်သားကို ဝတ်ဆင်ထားပြီး တိမ်ပုံများပါသည့် ဖဲသားဝတ်ရုံကို ထပ်လွှမ်းဝတ်ဆင်ထားသည်။ သူ့ရဲ့ ပန်းဖျော့ရောင်မျက်နှာသေးသေးလေးမှာ ချွေးအနည်းငယ်စို့နေသည်။ သူ့မျက်လုံးနက်နက်လေးများထဲတွင် စိုးရိမ်ရိပ်များဖြတ်ပြေးသွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပုံပေါ်နေသည်။ သူ့ကို မြင်သူတိုင်းမှာ နည်းနည်းလေးဖြစ်ဖြစ် ချစ်ခင်မိကြမည်ဖြစ်ကာ သားအား အသက်လောက်ချစ်ပါသော အမတ်ချုပ်ယဲ့ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။ 

ယဲ့ယန်ပိုင်မှာ တုန်နေအောင်ချစ်သဖြင့် သူ့အဖိုးတန်သားလေးကို ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးလေသည်။

“လိမ္မာတဲ့ကလေးလေး မကြောက်နဲ့နော် ဖေဖေရှိတယ်”

စကားဆုံးသော် ထိုင်ခုံ၌ထိုင်နေသော ကောင်လေးထံ အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောသည်။

“အရှင့်သား၊ သားငယ်လေးက မွေးလာကတည်းက အားနည်းတာကြောင့် အနောက်ခြံဝန်းမှာပဲ ပြုစုပျိုးထောင်ခဲ့ရတာမို့လို့ မျိုးရိုးမြင့်အနွယ်တော်တွေကို မမြင်ဖူးခဲ့ပါဘူး၊ ဒါကြောင့်မို့ ခဏလောက် ကြောက်လန့်သွားပြီး ရိုင်းပျမိရပါတယ်၊ အရှင့်သား ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်”

ကုချန်းက လန့်သွားသောကလေးလေးကို ကြည့်လိုက်သော် သူ့ရဲ့ ပြစ်မျိုးမှဲ့မထင်မျက်နှာလေးမှာ မျက်နှာချေမှုန့်တစ်ထပ်လိမ်းကျံခံထားရသည့်နှယ် ဖြူဆွတ် နေသည်ကို မြင်လိုက်ရသည်။ သူသည် အသေအချာ ထွင်းထုထားသော ကြွေရုပ်လေးနှင့်တူပြီး မျက်တောင်ထူထူများက ခပ်ဖွဖွပုတ်ခတ်နေလျက် စကားဖြင့်ဖော်ပြလို့မရအောင်ပင် ချစ်ချင်စရာကောင်းနေသည်။ ယဲ့ယန်ပိုင် ထိုမျှဖူးဖူးမှုတ်အောင်ချစ်နေသည်မှာလည်း ကျိုးကြောင်းမဆီလျော်သည်မဟုတ်ပေ။ 

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now