Part 29 — ဉာဏ်များတယ်။
ယဲ့ချုံကျင် လန့်သွားပြီး ချက်ချင်းနိုးကြားလာတော့သည်။ သူ အိပ်ချင်မူးတူးဖြင့် မိမိက အတိတ်ဘဝတွင်သာရှိနေသေးသည်ဟု မှတ်ယူထားပြီး ထိုလူ၏နာမည်ကို တိုက်ရိုက်ခေါ်လိုက်မိလေသည်။
သူတို့မျက်လုံးများ အကြည့်ချင်းဆုံလို့သွားသည်။ ထိုလူ၏ နက်မှောင်သော မျက်ဝန်းများမှာ အတိတ်ဘဝကအတိုင်းပင်၊ နက်ရှိုင်းကာ ထိန်းချုပ်ထားသော ထက်မြက်မှုများ ရှိနေသည်။ သူ့အာဏာအား ခံစားဖူးသူများသာ ထိုတည်တည်ငြိမ်ငြိမ်မျက်လုံးများတွင် လူသတ်လိုရိပ်များ မည်မျှဖုံးကွယ်ထားမှန်း သိနိုင်ပေလိမ့်မည်။
ထိုအခိုက်တွင် ယဲ့ချုံကျင်သည် အတိတ်ဘဝက ကုချန်းနှင့် လက်ရှိ သူ့ရှေ့ရှိ ၈ နှစ်သားကောင်လေးတို့အကြား ခြားနားချက်ကို မခွဲခြားနိုင်တော့ချေ။ သူ့အဖေက ကုချန်းကို သိပ်ကြောက်ရွံ့နေသည်မှာ မဆန်းတော့။ ရက်စက်ကြမ်းကြုတ်သည် သားရဲသည် ဘယ်လောက်ငယ်ရွယ်နေပါစေ သူ့သားရဲဆန်မှုနှင့် လူသတ်နိုင်စွမ်းတို့ ရှိနေဆဲပင်။
ကုချန်းက အနီးသို့ပိုကပ်လာပြီး မေးသည်။
“အားကျင် ခုနက ဒီမင်းသားကို ဘယ်လိုခေါ်လိုက်သလဲ”
ယဲ့ချုံကျင်၏မျက်လုံးများထဲ စိုးရိမ်ပူပန်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူ လက်ချောင်းလေးများဖြင့် စောင်ကိုဆုပ်ကိုင်လိုက်ကာ ဖွဖွလေး ပြောသည်။
“အားကျင် မမှတ်မိတော့ဘူး”
သူ့ပုံစံမှာ ထိတ်လန့်ကာ အင်မတန် ကြောက်ရွံ့နေပုံပေါ်သည်။ ကြောက်နေသော ကြောင်ပေါက်ကလေးသည် အလွန်ချစ်ဖို့ကောင်းသဖြင့် ကုချန်း၏နှလုံးသား ပျော့ပျောင်းသွားရပြီး သူ့ကို ပွတ်သပ်လိုက်ကာ ညင်ညင်သာသာ ချော့ပြောလေသည်။
“မှန်မှန်ပြော၊ အားကျင်ကို ဘယ်သူက ဒီမင်းသားနာမည် ပြောပြတာလဲ”
ဤသည်မှာ အပေါ်ယံကြည့်လျှင် အန္တရာယ်မရှိပုံ ထင်ရသော်လည်း အမှန်မှာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့် ရည်ရွယ်ချက်များ ပုန်းအောင်းနေပေသည်။ အကယ်လို့ ပြောပြသူက မိသားစုထဲရှိ လူကြီးများဟု ပြောလိုက်လျှင် ယဲ့မိသားစု၏ အိမ်ရှေ့စံကို နောက်ကွယ်၌မကောင်းပြောခြင်းဟူသည့် မလေးစားမှုပြစ်ဒဏ် တပ်ခံရမည်ဖြစ်သည်။ အိမ်ရှေ့စံ၏နာမည်သည် လက်အောက်အမှုထမ်းများ သာမန်ကာလျှံကာ ပြောလို့ရသည့်နာမည် မဟုတ်ချေ။ မည်သို့ဆိုစေ ယဲ့ချုံကျင်သည် ငယ်စဉ်ကတည်းက အိမ်နောက်ဘက်ခြံဝန်းတွင် ပြုစုပျိုးထောင်ခံခဲ့ရခြင်း ဖြစ်ပြီး အပြင်လူများနှင့် အဆက်အဆံလုပ်နိုင်သည့်အခွင့်အရေး မရှိခဲ့။ ထို့ကြောင့် သူ တခြားသူအဖြစ် ဆင်ခြေပေး၍မရပေ။
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation