Part 35 — ဖန်းလုံကျောက်စိမ်းပြား။
June 04, 2024Duan Fei Lin (段飞林)
မနက်စာ ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ယဲ့ချုံကျင်က အဘွားအန်းရဲ့ ဂရုစိုက်ပေးမှုဖြင့် ဆေးရည်ကိုသောက်လိုက်သည်။ ရှဟယ်က သူထည့်စားနေကျ ငွေပန်းကန်လုံးအသေးလေးကို ကောက်ကာ ဆန်ပြုတ်အချိုဖြင့် ဖြည့်ပေးလိုက်သည်။ ဆန်ပြုတ်ပန်းကန်ကို ကလေးလေးအား ကမ်းပေးစဉ် သူမ ပြောလိုက်သည်။
"သခင်လေး အပူလောင်မယ်နော် ဂရုစိုက်ပါ"
ယဲ့ချုံကျင်က ဆန်ပြုတ်အချိုကို ယူလိုက်သည့်တိုင် အတန်ကြာသည်အထိ ဇွန်းကို မ ရွှေ့သေး။ သူ့ဘေးနှစ်ဖက်တွင် တံခါးစောင့်နတ်ကြီးနှစ်ပါး ရပ်နေကြကာ အဓိပ္ပာယ်အပြည့်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြပေသည်။ သူ စားလို့မဝင်မှာစိုးပါသည်။
သူ နှုတ်ခမ်းများကိုဖိကျိတ်မိကာ မျက်နှာချိုသွေးဟန်ဖြင့် မေးသည်။
"အိမ်ရှေ့စံအရှင့်သားနဲ့ ကိုကိုတို့ မနက်စာသုံးဆောင်ပြီးကြပြီလားဟင်၊ အတူတူ ထိုင်စားမလား"
ကုချန်းက သူ့ဘယ်ဖက်ရှိ ထိုင်ခုံဝိုင်းဝိုင်းပုပုလေးကို ဆွဲယူကာ ထိုင်ချလိုက်သည်။ ထို့နောက် ကလေးလေးလက်ထဲရှိ ငွေပန်းကန်လုံးလေးကို ယူလိုက်ပြီး ကျောက်စိမ်းဖြူရောင်ကြွေဇွန်းဖြင့် ဆန်ပြုတ်ကို အကြိမ်အနည်းငယ်မျှ ညင်ညင်သာသာ မွှေလိုက်ကာ နှုတ်ခမ်းများကော့တက်လျက် ပြောသည်။
"ဒီမင်းသား မလာခင်က စားခဲ့ပြီးပါပြီ၊ ဒါပေမယ့် အားကျင်ကိုမြင်တော့ ဗိုက်ပြန်ဆာလာလို့ အတူစားကြတာပေါ့"
ထို့နောက် သူ ဇွန်းအပြည့် ဆန်ပြုတ်ချိုကို ခပ်ကာ နှစ်ကြိမ်မျှမှုတ်လိုက်ပြီး ကလေးလေး၏ နှုတ်ခမ်းနား တေ့ပေးလာသည်။
ယဲ့ချုံကျင် ပါးစပ်ဟတော့မည့်အချိန်မှာပဲ ယဲ့ချုံဟွေးက လက်ဆန့်လာကာ ထိုဇွန်းကို ကာလိုက်ပြီး ခနဲ့ဟန်ဖြင့် ပြောသည်။
"အိမ်ရှေ့စံအရှင့်သား အထင်လွဲနေတယ်ထင်တယ်၊ ကျွန်တော့်ညီလေးမှာ အသန့် ကြိုက်ရောဂါရှိတာမို့ သူများနဲ့ တစ်ပန်းကန် တူတစ်စုံတည်း သုံးရတာ မကြိုက်ပါဘူး၊ ဒါမှမဟုတ် အစေခံမိန်းကလေးတွေကို နောက်ထပ် ပန်းကန်နဲ့တူတစ်စုံ ပြင်ခိုင်းပြီး အားကျင်ကို ကိုယ့်ဘာသာ စားခိုင်းလိုက်ပါလား"
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation