Part 32 — ဆွေမျိုးများနဲ့ တွေ့ဆုံခြင်း။
Duan Fei Lin (段飞林)June 02, 2024
သူ့ထိုစကားက ထူးဆန်းသည်။ ယဲ့ချုံဟွေးက နှုတ်ခမ်းများ ကွေးတက်သွားပြီး မေးလေသည်။
"အားကျင်က ကိုကိုက ဘယ်လိုလူမျိုးလို့ ထင်တာလဲ"
ယဲ့ချုံကျင် စိတ်ထဲမှ တွေးလိုက်သည်၊ 'ဘာပဲဖြစ်ဖြစ် ဒီလို ကလေးမလေးနဲ့ ပြိုင်ပြောတဲ့ကိစ္စမျိုး လုပ်မှာမဟုတ်တဲ့လူမျိုးလို့ပေါ့။'
သူ့မှတ်ဉာဏ်ထဲတွင် သခင်လေးယဲ့နှင့်ပတ်သက်သော ကောလဟာလများ အများအပြားပင် ရှိသည်။ လူအချို့က ပြောကြသည်၊ သူက မသေမျိုးတစ်ယောက်ဖြစ်ပြီး လူတို့စားသည့် အစေ့အဆန်များကို မသုံးဆောင်ပါဘဲ ရေဆာသောအခါ တောင်တန်းများပေါ်ရှိ မနက်ခင်းနှင်းရည်ကို သောက်သုံးပြီး ဗိုက်ဆာသောအခါ ကဗျာအနည်းငယ်ရေး၍ ဗိုက်ဖြည့်သည်၊ လူ့လောကသို့ဆင်းကာ အတိဒုက္ခ ခံယူကျော်ဖြတ်သည့် ဝမ်ချွီးရှင်းဝင်စားသူဟု ဆိုကြသည်။ ဤစကားများက အတော်ပင် အဓိပ္ပာယ်မရှိပုံပေါ်သော်လည်း ဒီလူ၏ အကျင့်စရိုက်မှာ အမှန်တကယ်ပင် ထျန်းရှန်းတောင်မှ နှင်းရည်အလား မခဲသည့်တိုင် အေးစက်နေကာ ဤသေမျိုးလောကကြီးနှင့် သဟဇာတဖြစ်မနေပါချေ။
မည်သို့ဆိုစေ သူသည် စုန့်လီကဲ့သို့ သာမန်လူများနှင့် လုံးလုံး ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
ထိုသို့စဉ်းစားမိပြီး ကလေးလေးက ပြုံးကာ ပြောလိုက်သည်။
"အားကျင်ကတော့ လက်ရှိကိုကို,ကို ပိုသဘောကျတယ်"
သီးသန့်ဆန်သော မသေမျိုးအဖြစ်က ကောင်းပေမယ့် လူအငွေ့အသက်အနည်းငယ် လျော့နေကာ လူများက လေးစားသော်လည်း ကြောက်ရွံ့ကြသည်။ မျက်စိရှေ့က ဒီလို ကြည့်လို့ရ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ကိုကိုထက် ဘယ်မှာပိုကောင်းလိမ့်မလဲ။
ယဲ့ချုံဟွေးမျက်နှာထက် အံ့ဩရိပ်တချို့ ပေါ်ထွက်လာသည်။ အားကျင်သည် 'သဘောကျတယ်' နှင့် 'ကိုကို' ဟူသော စကားလုံးများကို တွဲသုံးခဲသည်။ ကလေးလေးပြောသောစကားများ၏ အဓိပ္ပာယ်ကိုမူ သူ အသေးစိတ် မစဉ်းစားနိုင်တော့ပေ။ ညီလေးက သူ့ကို သဘောကျသည်ဆိုသ၍ အခြားစကားများက အရေးမပါတော့ပါ။
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation