Part 11 — ဆောင်းဦးဝင်ရောက်ခြင်း။
ဒီရက်ပိုင်းအတွင်း ယဲ့ချုံကျင်ရဲ့ရောဂါက ဖြည်းဖြည်းချင်းပိုကောင်းလာသည်။ ဒီတစ်ခေါက်တွင် ရောဂါက ပါးစပ်မှ ဝင်ရောက်သွားခြင်း ဖြစ်သောကြောင့် သူ အစားအသောက်ကို ပိုဂရုစိုက်လာဖြစ်သည်။ သူ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတာတစ်ခုခု စားမိလျှင် သူ ရောဂါခံစားရမည်စိုး၍ ဖြစ်သည်။ သူ နောက်တဖန် ထပ်ရောဂါထလျှင် အမတ်မင်းအိမ်တော်တစ်အိမ်လုံးပါ ရင်တမမ ဖြစ်နေကြရပေလိမ့်မည်။
ဖူနင်ခြံဝန်းထဲတွင် ယဲ့ချုံကျင် မွေးဖွားစဉ်ကတည်းက စိုက်ပျိုးထားသည့် ဝူထုန်ပင်အိုကြီးတစ်ပင် ရှိသည်။ ထိုအပင်ကြီးကို သခင်ကြီးရဲ့ခြံဝန်းထဲမှ ပြောင်းလာကာ စိုက်ထားခြင်းဖြစ်သည်။ သာမန်ရက်များတွင် အဘွားအန်းနှင့် အစေခံမိန်းကလေးအချို့သည် ထိုအပင်ကြီးအောက်၌ ထိုင်ကာ အအေးခံလေ့ရှိကြသည်။ လက်ရှိအချိန်တွင် ထိုအပင်ကြီးရဲ့ သစ်ကိုင်းများမှာ အတွဲလိုက် တွဲကျနေကြပြီး မြင်ရသည်မှာ အေးစက်အထီးကျန်မှုအနည်းငယ်ပင် ပါဝင်နေသည့်အလားပင်။
ဖြူဖြူတုတ်တုတ် ကလေးလေးသည် ပြတင်းပေါက်ရှေ့၌ မှောက်လှဲနေရင်း အပြင်ဘက်သို့ ငေးမောကြည့်နေကာ တီးတိုးပြောလိုက်သည်။
“ဆောင်းဦးဝင်တော့မှာပဲ”
အဘွားအန်းက ဆင်စွယ်ဘီးတစ်ချောင်းကိုယူကာ သူ့ဆံပင်လေးများကို ဂရုတစိုက်ဖြီးသင်ပေးနေလေသည်။ သူမက အပြုံးတစ်ပွင့်ဆင်မြန်းလျက် ပြောလိုက်သည်။
“ဟုတ်ပါ့ရှင်၊ သည်နွေရာသီက သိပ်နေရခက်ခဲ့တာပါပဲ၊ သခင်လေးလည်း ရောဂါခံစားလိုက်ရသေးတယ်၊ နောက်ရက်နည်းနည်းနေရင် အေးလာပါပြီ၊ အပြင်ခြံဝန်းက အနံ့ချိုပင်လုံးကြိုင်ပန်းတွေ ပွင့်တဲ့အခါကျရင် ဘွားဘွားက သခင်လေးစားဖို့ ပင်လုံးကြိုင်မုန့်တွေ လုပ်ပေးမယ်၊ ပြီးတော့ မနှစ်က သခင်လေး ချီးကျူးခဲ့တဲ့ ပင်လုံးကြိုင်လက်ဖက်ရည်လည်း ဒီနှစ် ပိုပြီးများများပြင်ဆင်ထားပေးမယ်”
ယဲ့ချုံကျင်က ပြောလိုက်သည်။
“ဘွားဘွားနှပ်တဲ့လက်ဖက်ရည်က ကောင်းတယ်၊ အားကျင် အကုန်လုံး သောက်ရတာကြိုက်တယ်”
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation