Chapter 18

284 33 0
                                    


Part 18 — ဧကရာဇ်၏စိတ်နှလုံး။

ဧည့်ခံပွဲ တစ်ဝက်ကျော်မျှရောက်သောအခါ မယ်တော်ကြီးက ပင်ပန်းလာပြီဖြစ်သည်။ သူမဟာ ဆူဆူညံညံစည်စည်ကားကားပွဲများအား နှစ်ခြိုက်တတ်သည့်အရွယ်ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။ သူမ ယခုအထိ တောင့်ခံနေသည်မှာ အရပ်ဘက်စစ်ဘက်မင်းမှုထမ်းများအား မယ်တော်နှင့်သားတော်တို့အကြား ချစ်ခင်ကြင်နာခြင်းပြဇာတ်ကို ပြသရန်သာ ဖြစ်သည်။

ဧကရာဇ်သည် သူမအား သူကိုယ်တိုင် နန်းဆောင်သို့ ပြန်လိုက်ပို့ချင်သော်လည်း မယ်တော်ကြီးက သူ့ကိုတားလိုက်သည်။ 

“ဧည့်ခံပွဲမှာ ဘယ်နှယ့် အိမ်ရှင် မရှိလို့ဖြစ်မလဲ၊ မင်းကြီးက ဒီမှာပဲနေရစ်ပြီး အခြေအနေကို တာဝန်ယူချေ၊ ဒီမယ်တော်ကြီးကိုတော့ ဧကရီပဲ ပြန်လိုက်ပို့ပါစေလေ”

ဧကရီမုက သဘောတူလိုက်ပြီးနောက် ထရပ်ကာ သူမကို ကူတွဲပေးလိုက်သည်။ တော်ဝင်မိသားစုရဲ့ ယောက္ခမနှင့်ချွေးမတို့ကြားရှိ ဆက်ဆံရေးမှာ တကယ်တမ်းတော့ သာမန်သာဖြစ်သည်။ ယခင်အချိန်များက မယ်တော်ကြီးသည် မုမိသားစုရဲ့ ဂုဏ်သရေရှိကာ သဘောကောင်းကြင်နာသော သမီးကို သဘောကျခဲ့ပြီး သူမကိုယ်တိုင် အောင်သွယ်တော်အဖြစ် ပြုမူခဲ့သည်။ သည်မိန်းကလေးမှာ မိန်းမကောင်းလေးဖြစ်သည့်တိုင် ယောင်္ကျားတစ်ယောက်ကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်ပေးရမှန်း မသိဘဲ ဧကရာဇ်က သူမအား သွေးအေးသွားလိမ့်မည်ဟု မယ်တော်ကြီး ထင်မထားခဲ့ချေ။ ပထမတော့ ကြင်ယာတော်လိ၊ ‌ထို့နောက်တွင် ကြင်ယာတော်လန်။ ဧကရာဇ်၏ အချစ်တော်များက တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားခဲ့သော်လည်း မုရှန်ယာမှာတော့ အဆင့်အတန်းနည်းနည်းလေးပင် မရခဲ့ချေ။ 

မယ်တော်ကြီးလည်း သိပါသည်၊ ယောင်္ကျားများ၏စိတ်နှလုံးကို ဘယ်သောအခါမှ အမျိုးသမီးတို့ ဆုံးဖြတ်နိုင်မည်မဟုတ်။ ထို့အပြင် ထိုယောင်္ကျားက သာမန်လူမဟုတ်ပါဘဲ ရေမြေ့သခင်ကောင်းကင်သားတော်ပင် ဖြစ်နေသေးသည်။ သို့သည့်တိုင် သူမက စိတ်မကျေနပ်သေးပေ။ အကယ်၍ ဧကရီမုသာ ထိုမျှလောက် ကံမကောင်းဘဲ တရားဝင်သားတော်တစ်ယောက်ကို စောစောမဖွားမြင်နိုင်ခဲ့လျှင် သူမတို့နှစ်ယောက်မှာ အစောကတည်းက ယောက္ခမနှင့်ချွေးမဆက်ဆံရေးအား ထိန်းမထားနိုင်တော့မည်ကိုစိုးရသည်။ 

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now