Part 36 — အန်းချန်မင်းသမီး။
Duan Fei Lin (段飞林)June 04, 2024
ကလေးလေး၏လက်ထဲတွင် လက်ရာမြောက်လှပကာ ကြည်လင်နေသော ကျောက်စိမ်းပြား ရှိနေသည်။ သူ့လက်သေးသေးလေးနှစ်ဖက်မှာ အနည်းငယ်တုန်ယင်လို့နေပြီး သူ့မျက်လုံးနက်နက်များက ကျောက်စိမ်းပြားကို စိုက်ကြည့်နေသည့်တိုင် သူ ဘယ်ကိုကြည့်နေမိမှန်း သူမသိချေ။
သည်ကျောက်စိမ်းပြားက မူရင်းပိုင်ရှင်ဆီ ပြန်ရောက်လာပါလျှင် တစ်နေ့မှာ သူလည်းပဲ သူ့ပိုင်ရှင်ဆီ ပြန်ရောက်ရလိမ့်မည်လား။
ကုချန်းပို့လာသောမုန့်များက အဘယ်ကြောင့် သူ အရင်ဘဝက ကြိုက်ခဲ့သည့်မုန့်များ ဖြစ်နေရပါလိမ့်ဟု သူ စဉ်းစားခဲ့ဖူးသည်။ ထို့အပြင် ထိုလူ၏ အလွန်အကျွံ နီးကပ်မှုများက သူ့ကို နားလည်ရခက်စေလေသည်၊ အဘယ်ကြောင့်မူ ထိုလူက သိသိသာသာပင် ကလေးမချစ်တတ်၍ဖြစ်သည်။ စာဖတ်ဖော်အား မော့ဟွိုင်ရွှမ်းအဖြစ်ပြောင်းလိုက်သောကိစ္စလည်း ရှိသေးသည်။ ထိုအရာများအားလုံးက သူ့ကို စိတ်ရှုပ်စေခဲ့ရသော်လည်း ယခုမူ သူ့မှာ အားလုံးအတွက် အဖြေရှိသွားပြီဖြစ်သည်။
—ဒီလူက အတိတ်ဘဝက မှတ်ဉာဏ်များဖြင့် ပြန်လည်မွေးဖွားလာခြင်းပင်။
သူ့မှာ အတိတ်ဘဝကမှတ်ဉာဏ်များ ရှိနေသဖြင့် မိမိ၏အကြိုက်များကို မှတ်မိသည်။ မော့ဟွိုင်ရွှမ်းကိုလည်း ကုယိုးအား ထိခိုက်စေခြင်းမှ ကာကွယ်ရန် စောစောစီးစီး သူ့ထိန်းချုပ်မှုအောက်တွင် ရွှေ့ထားခဲ့သည်။
အကယ်၍ ဤကုချန်းကသာ အတိတ်ဘဝကကုချန်း ဖြစ်ပါက ဤမြို့သည့် သူ့မြို့ပင်ဖြစ်၍ မိမိကိုရှာရန် ဧကန်ပင် လွယ်ကူလေသည်။ အမတ်ချုပ်အိမ်တော်ကို မဆိုထားနှင့်၊ ယဲ့ချုံကျင်က ကျတ်တီးလွင်ပြင် တောတောင်များထဲတွင် ပုန်းအောင်းနေလျှင်ပင် တစ်နေ့တွင် သူ ရှာတွေ့မည်ဖြစ်သည်။
ထိုလူတွင် လူများက သူမလုပ်နိုင်တာမရှိဟု ယုံကြည်နိုင်စေသည့်အရည်အချင်း ရှိပေသည်။
လွန်ခဲ့သည့် လအနည်းငယ်က အိမ်ရှေ့စံအရှင့်သားသည် အမတ်ချုပ်အိမ်တော်သို့ လာရောက်ပြီး သုံးနှစ်သားလေးသူ့အား ဆင့်ခေါ်ခဲ့သည်ကို သူ ရုတ်တရက် အမှတ်ရသွားသည်။ သံစဉ်လွဲနေသည့် ဗျတ်စောင်းသံတို့အလယ်၌ သူ အသက် ၈ နှစ်အရွယ်ကုချန်းကို တွေ့ခဲ့ရသည်။ ထိုလူသည် မိမိအား သူ့ပေါင်ပေါ်ဆွဲတင်လျက် ယဲ့ချုံကျင် အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာလုနီးနီး ဖြစ်ခဲ့ကြောင်းကို အပြုံးတစ်ပွင့်ဖြင့် စနောက်ပြောဆိုခဲ့သည်။ ထိုအခိုက်အတန့်မှစပြီး ယဲ့ချုံကျင်၏လျှို့ဝှက်ချက် ပေါ်သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်၊ သူက အလွန်တုံးလွန်း၍ သတိမထားမိခဲ့ခြင်းသာ။
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation