အပိုင်း - ၁💛

100K 3.9K 129
                                    

ငှက်သံများကတညံညံနဲ့ မနက်ခင်းမြင်လိုက်ရသည့်မြင်ကွင်းက စိမ်းစိုနေတဲ့မြက်ခင်းပြင်‌ပေါ်တွင် အဖြူရောင်စားပွဲများနှင့်အဖြူရောင်လျှောက်လမ်းလေးတစ်ခုဖြစ်သည်။ နွယ်ပင်စိမ်းစိမ်းလေးတွေက အဖြူရောင်များအပေါ်တွင်ရစ်ပတ်ထားလျက်ရှိနေသည်။ ဤနေ့ကား မင်္ဂလာနေ့တည်း။ မိဘများ၏သဘောတူညီမှုဖြင့်ထိမ်းမြားလက်ထပ်ပေးသည့်မင်္ဂလာပွဲဖြစ်သည်။ မိဘများ၏သဘောတူညီမှုကြောင့်လက်ထပ်ရသည်ဟုဆိုပါသော်လည်း မိမိကိုယ်တိုင်သည်လည်း မိမိ၏သတို့သားလောင်းအားချစ်မြတ်နိုးနေမိပါသည်။ သို့သော်ချစ်ရသူသည် မိန်းမရှုပ်သည်။

"ဟူး ..."

နိုရာ့ဆီမှသက်ပြင်းချသံထွက်လာသည်။ မိမိအပေါ်ထပ်အခန်းဝရန်တာမှ ပွဲအတွက်ပြင်ဆင်ထားသည်များကိုလှမ်းကြည့်ရင်း သက်ပြင်းတွေချည်းလှိမ့်ချနေမိပါတော့သည်။

"နိုရာ လာလေ ... အင်္ကျီလဲတော့"

ဝရန်တာတွင်ထွက်ရပ်နေသည့်နိုရာသည် မာမား၏နှိုးဆော်မှုကြောင့် အိမ်ထဲဝင်ပြီးအင်္ကျီလဲလိုက်ရသည်။ မှန်ရှေ့တွင်ရပ်ပြီး မိမိကိုယ်ကိုအားပေးနေမိသည်။

"မငိုနဲ့ နိုရာ ... မင်းလုပ်နိုင်တယ် ... ဖိုက်တင်း"

နိုရာ မိမိကိုယ်ကိုအားပေးရင်းအခန်းပြင်သို့ထွက်လာသည်။အခန်းပြင်တွင် နိုရာ့ကိုတစ်စုံတစ်ယောက်ကရပ်စောင့်နေသည်။

"အဆင်သင့်ပဲလား နိုရာ"

သူသည် "လွန်းဂုဏ်ရှိန်" United Group၏တစ်ဦးတည်းသောသားလည်းဖြစ်သလို ပွေလွန်းရှုပ်လွန်းသူလည်းဖြစ်သည်။ ကောင်မလေးများသာမက ယောကျာ်းလေးတွေကြားမှာပါရေပန်းစားသူတစ်ဦးဖြစ်သည်။

"ကိုကိုလွန်း"

နိုရာသည်အသက်၁၈နှစ်ကျော်၁၉နှစ်ထဲဝင်ခါနီးအရွယ်ဖြစ်သည်။ လွန်းဂုဏ်ရှိန်သည် အသက်၂၅နှစ်သာရှိသေးသော်လည်း ကုမ္ပဏီကြီးတစ်ခုလုံးကိုဦးစီးဦးဆောင်နိုင်နေပြီဖြစ်သည်။ ဘာလို့များ မာမားနဲ့ပါပါးက လွန်းဂုဏ်ရှိန်နဲ့လက်ထပ်ပေးရသည်ဆိုတာကို နိုရာနားမလည်နိုင်ပါ။

Just For You💛Where stories live. Discover now