တော်မဝင်ပါ.....သို့သော် part(13)

36 3 1
                                    

တော်မဝင်ပါ
            သို့သော်.....

***အပိုင်း(၁၃)***

Minn Wathone Htet(ငသုန်)

"အထွေးလေးရေ...ထမင်းစားကြရအောင်"
"ဟုတ် ၊ လာပြီ မငယ်"
အားပါးပါး!!!
ဟင်းလျာများက မှူးပိုင် အကြိုက်တွေချည်းပင်။
ကကတစ်ငါးသောက်ဆမ်း ၊ ခရမ်းသီးမီးဖုတ်အစပ်သုပ် ၊ပုဇွန်နှင့်အာလူးကြော် ၊ သခွားသီးတို့စရာနှင့်ငပိထောင်း ။ မြင်ရုံနဲ့တင် သွားရည်ယိုချင်စရာ ။
လတ်ဆတ်သော အသားငါး ၊ ဟင်းသီးဟင်းရွက်များကို
မိခင်ဖြစ်သူ၏လက်ရာနဲ့ ချက်ပြုတ်လိုက်တော့ နာမည်ကြီးစားဖိုမှူးလက်ရာ ဟင်းလျာများတို့သည်ကား အချည်းနှီးဖြစ်လိမ့်မည်။
မှူးပိုင်တစ်ယောက် အဖေ ၊ အမေ ၊ အစ်မငယ်တို့နဲ့မိသားစု ထမင်းလက်ဆုံမစားရသည်
မှာ အတော်ပင်ကြာချေပြီ ။ သို့တည်းကြောင့် သူ့အတွက် ယခုလို လူစုံတက်စုံ ထမင်းစားရသောအချိန်အခါမျိုးသည်ကား
ပိုကောင်းမွန်ပြီး အရသာရှိကာ ထမင်းစားမြိန်လှသည်ပင်။
"မေမေရေ...
အထွေးလေး ကျောင်းပြန်တက်ရင် အဆောင်မှာစားဖို့ ယူသွားလို့ရအောင် ပုဇွန်ငရုတ်သီးကြော် လုပ်ပေးပါအုံးနော်"
"လုပ်ပေးမှာပေါ့ ၊ ငါးကလေးခြောက်တွေလည်း ကြော်ပြီးထည့်ပေးလိုက်မယ်"
"ရေး...ဒါမှ အထွေးလေးရဲ့မေမေကွ...
အားကြီးချစ်တယ်"
"အရမ်းချွဲတတ်တယ်နော်..ဟွန်း"
"မငယ်...မနာလိုတော့ဘူး...ဟဲဟဲ"
"ဖေကြီးကိုရော?"
"ဖေကြီးကိုလည်းချစ်တယ်..မငယ်ကိုလည်း ချစ်တယ်..."
ကလေးတစ်ယောက်လို အရမ်းကိုချွဲနွဲ့တတ်သော မှူးပိုင် ကျောင်းတက်ပြီး ပြန်ရောက်တော့မှ တိတ်ဆိတ်နေသော မိသားစုသည်ကား ပြန်လည်သက်ဝင်ကာ အချိန်တိုင်းပျော်စရာအတိ ဖြစ်ရတော့သည်။
**************************************************************************************
ဝလ္လာရှစ်ခွင်လုံး မည်းမှောင်သော တိမ်စိုင် ၊ တိမ်ခဲ များက ပြိုကျမတတ် တန်ဆာဆင်ထား၏။ အနောက်အရပ်မှလည်း
သူ့ထက်ငါလျှင် ဦးအောင် အပြိုင်အဆိုင် လုယက်မြည်ဟိန်းနေကြသော မိုးခြိမ်းသံများကိုလည်း"တဂျိန်းဂျိန်း"ကြားနေရပြီ။
မုတ်သုန်တောင်လေအဝှေ့မှာ "ဖြတ်ခနဲ..ဖြတ်ခနဲ"နဲ့လင်းလက်သွားသော လျှပ်စီးတို့ကိုလည်းတွေ့မြင်နေရသည်။ အဆုံးအစမရှိကျယ်ပြောလှသောပင်လယ်ပြင်ကြီးမှ ကြီးမားလှသည့်လှိုင်းတံပိုးများကလည်းကမ်းစပ်ဆီသို့ "တဝုန်းဝုန်း"နဲ့ ဆူညံပွက်လောထမြည်ဟိန်းကာ ညှာတာမှုကင်းမဲ့စွာဖြင့် ရိုက်ခတ်နေကြ၏ ။ လယ်သမားဦးကြီးတို့ကလည်း နွားလှညိုပြာနှင့်ထွန်တုံးတို့ကို လူသတ္တဝါတို့အတွက် အသက်ဆက်သီးနှံ့ဖြစ်သည့် ဆန် ၊ စပါးပျိုးပင်များ ထွန်ယက် စိုက်ပျိုးရန် အချိန်အခါကိုရောက်ချေပြီ။
ကိုတံငါသည်များကလည်း ရက်စက်ကြမ်းကြုတ်သောမုန်တိုင်းဒဏ်ကို အံတုရင်း  ကြမ်းတမ်းခက်ထန်သော လှိုင်းလေများကြား၌ ရွက်လွှင့်ကာ ဝမ်းရေးအတွက် သားငါးများရှာဖွေရန် ပိုက်နှင့်လောင်းလှေတို့ကို အသင့်ပြင်ဆင်ထားကြလေပြီ။အားလုံး...အားလုံးသောအရာတို့သည်ကား ဝဿန်ကာလ၏ ပြယုဂ်များပင်တည်း။
မှူးပိုင် ရန်ကုန်ပြန်ရန်အတွက် ရက်စွဲများကလည်း အသိပေးနေချေပြီ။ နှစ်လတာအချိန်ကာလကား အလွန်တိုတောင်းလှ၏။
"အထွေးလေး ၊ ရန်ကုန်ပြန်ရင် မိုးတွင်းမို့ ကျန်းမာရေးကို ပိုသတိထားရမယ်နော်"
"ဟုတ်ကဲ့မေမေ"
"နေဝင်ချိန် ရေမချိုးနဲ့၊ မိုးအရမ်းအေးရင်လည်း မချိုးလေနဲ့နော်"
ကိုယ့်သားသမီးအတွက် မိဘများမှာ စိုးရိမ်ပူပင်စိတ်ကထိန်းချုပ်မရနိုင်ပါ။
မိဝေး ၊ ဖဝေး ၊ ညီအကိုမောင်နှမအဝေးရပ်မှာ ပညာနို့ရည်သောက်သုံးနေရသူမို့ ပိုစိတ်မချပေ။
သူများသမီးလို တောင့်တောင့်ဖြောင့်ဖြောင့် ၊ ယောက်ျား ပီပီသသမရှိပဲ အေးတိအေးစက် အားပျော့လွန်း၍ ရွှေရင်မအေး လှသည်ကလည်းတစ်ကြောင်း။

တော်မဝင်ပါ...သို့သော်Where stories live. Discover now