တော်မဝင်ပါ
သို့သော်.....
*****အပိုင်း(၁၆)*****M i n n_W a t h o n e_H t e t
ညနေ နေဝင်ဆည်းဆာ ချိန်၌ကား ကောင်းကင်တစ်ခုလုံး မိုးသားတိမ်လိပ်တို့ ကင်းစင်ကာ နေမင်းကြီး၏ နောက်ဆုံးရောင်ဝါ
ဖျော့ဖျော့လေးများဖြင့် သာယာနေလေ၏။
"ညီ.... ဗိုက်ဆာပြီလား"
"ဟင့်အင်း....မဆာသေးဘူးအကို"
"အဲဆို အကိုတို့ လမ်းထိပ်ကတံတားပေါ် စက်ဘီးစီးသွားရအောင်လားနော်"
"ကောင်းသားပဲအကို ၊ သွားကြမယ်လေ"
မင်းနောင်ရိုး အဆောင်နောက်ဖက်မှ စက်ဘီးကိုထုတ်ယူကာ ကျွမ်းကျင်စွာမောင်းနှင်လိုက်သည်။ မှူးပိုင်ကတော့ မင်းနောင်ရိုး
နောက်က အခန့်သင့်လိုက်လျက်ပင်။ စက်ဘီးလေး လမ်းထိပ်ကို အကွေ့တွင် ခေတ္တရပ်တန့်သွား၏။"ဟဲ့...နောင်နောင် မတွေ့တာတော်ကြာပြီနော်"
"အင်း"
"နင်အဆင်ပြေလား ၊ သင်တန်းတက်ရတာကော အခြေအနေဘယ်လိုလဲ"
"ပြေပါတယ် ၊ နင်ကော?"
"အပြေကြီးမဟုတ်ပေမယ်. ...အဆင်ပြေပါတယ် ၊ ဒါနဲ့ သူလေးက"
"ငါ့ချစ်သူလေ"
"ဘယ်လို...ချစ်သူ ဟုတ်လား ၊ အမလေး နင် အဲလိုတောင်ဖြစ်သွားပြီလား"
"ငါတို့သွားစရာရှိသေးလို့ ခွင့်ပြုပါအုံး ဖြူဖွေး"
ဖြူဖွေးကြောင်အမ်းအမ်းနဲ့ မင်းနောင်ရိုးတို့နှစ်ဦးအား ငေးကာ မတ်တတ်ရပ် ကျန်ခဲ့သည်။ မှူးပိုင် ထိုဖြူဖွေးဆိုသော ကောင်မလေးအား တစ်ချက်လိုက်ကြည့်မိ၏။ နာမည်နဲ့လိုက်အောင်ပင် ဖြူဖွေးသောအသားအရေ ၊ ချစ်စရာ့မျက်နှာကို ပိုင်ဆိုင်ထားသူပင်။
ဆံပင် ခါးထိရှည်သော သူမနဲ့ အကိုနဲ့က ဘယ်လိုတွေပတ်သက်မှုရှိသလဲ ၊ ကောင်မလေး ကောင်းကောင်းမွန်မွန်မေးတာကို အကိုကဘာလို့ မဖြေချင်ဖြေချင်နဲ့ ဖြေရတာလဲ။ မှူးပိုင် သိချင်သော မေးခွန်းများစွာက တရစပ်ဝင်ရောက်လာတော့သည်။
တံတားထိပ် အရောက်တွင် မင်းနောင်ရိုး စက်ဘီးကို ရပ်လိုက်၏။
ထို့နောက် မြစ်ဖက်သို့မျက်နှာမူကာ လေကောင်းလေသန့်ကိုရှူရှိုက်နေသည်။
"သာယာလိုက်တာ ညီ ၊ ညီပျော်လား"
သူ့ဘေးနားမှာ မတ်တတ်ရပ်နေသော မှူးပိုင်ကို မေးလိုက်သည်။
"ပျော်တာပေါ့ ၊ အပျော်ဆုံးအချိန်ပါ အကို"
မင်းနောင်ရိုး မှူးပိုင်ဖက်သို့ ပြန်လှည့်လိုက်ပြီး
"ပျော်တယ်လို့လည်းပြောပြီး ညီ့မျက်နှာက အပြုံးကလေးတွေ သမ်းနေတာလည်း မတွေ့ရဘူး ၊ ဘာဖြစ်လို့လဲ နေမကောင်းချင်လို့လား ညီ"
"ကောင်းပါတယ် အကို"
"အဲဆို ဘာဖြစ်နေလဲ ၊ အကို့ကိုပြောလေ"
"ဘာမှမဖြစ်ပါဘူးအကို "
"အကို့ကို မေးစရာရှိနေတယ်မလား ၊ ခုနားကကောင်မလေးနဲ့ ပတ်သက်ပြီးတော့"
"ဗျာ..."
"အကိုပြောပြမယ် ၊ သူ့နာမည်အရင်းက ဖြူဖွေးနွယ် ၊ သူလည်းအကိုတို့ဆီကပဲ ၊ ရန်ကုန်က သူ့အစ်မဆီမှာ နေရင်း ကိုးရီးယားစာ သင်နေတာ ၊ သူနဲ့အကိုနဲ့ တစ်လတိတိကြိုက်ခဲ့ကြတယ် ၊ အကြိုက်ကြီးတော့ မဟုတ်ခဲ့ပါဘူး ၊သူငယ်ချင်းတွေ ဝိုင်းမြှောက်ပင့်ပေးကြလို့ အကိုလည်း စိတ်ယိုင်ပြီး ရည်းစကားပြောဖြစ်ခဲ့တယ် ၊ သူ အကို့ကို ဘယ်အချိန်ကတည်း စိတ်ဝင်စားနေလဲမသိဘူး ၊အဖြေတန်းပေးခဲ့တယ် ၊ အကို့နှစ်ယောက် ချစ်သူဖြစ်ပြီးလို့ တစ်လတိတိမှာပဲ ပထမဆုံးအကြိမ် အင်းလျားကန်ကိုအတူသွားခဲ့ကြတယ် ညနေဖက် အချိန် ၊ အကိုက သူ့ကိုဖက်မလို့ လုပ်တုန်းမှာပဲ အကို့ဘက်ကိုသူလှည့်လာတာနဲ့ အကို့လက်က သူ့ရဲ့ မတော်ရာကို ထိမိသွားခဲ့တယ်လေ ၊ အဲတော့ သူက
နင်တို့ယောက်ျားလေးတွေက အခွင့်အရေးတော်တော်ယူတတ်တာပဲ ဆိုပြီး အကို့ကို ပါးရိုက်လိုက်တယ်လေ ၊ အကိုရှက်သွားတာပေါ့ ၊ တော်တော်လေးလည်း ခံပြင်းသွားခဲ့တယ် ၊တမင်လုပ်တာမဟုတ်ပါဘူး မတော်တဆထိမိသွားတာပါလို့ အကိုပြောပေမယ့် သူက တော်ပြီ ငါပြန်တော့မယ်ဆိုပြီး တက္ကစီနဲ့ ပြန်သွားခဲ့တယ် ၊ အကိုလည်း ပြန်လာလိုက်တယ် ၊နောက်နေ့လည်းကျရော သူအကို့ကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့တယ် ၊ ဆက်တွဲရအောင်လည်းပြောတယ် ၊ အကိုလည်း နင့်ကိုငါ ဆက်မတွဲချင်တော့ဘူး ၊နင်နဲ့ငါနဲ့ဇာတ်လမ်းက မနေ့ကတည်းက ပြီးပြီလို့ အပြတ်ပြောလိုက်တယ် ၊ ညီ့ကို အကို ဘာလို့ ပြောပြလဲသိလား ၊ အကို ညီ့ကို မြတ်မြတ်နိုးနိုးချစ်လို့ပါ ၊ နောက်ပြီး သူနဲ့ပတ်သက်ပြီး အကို့အပေါ် သံသယမဝင်စေချင်လို့ပါ ညီ"
"ညီယုံပါတယ် ၊ ခုလို ပွင့်ပွင့်လင်းလင်းဝန်ခံတာကိုလည်း ကျေးဇူးတင်ပါတယ်အကို ၊ အကို့အပေါ် ညီဘယ်တော့မှ သံသယ မဝင်ပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ညီ အကို့ကို အရမ်းချစ်လို့ပါ"
"ကျေးဇူးတင်ပါတယ် ညီရေ ၊ အကို့ဘဝမှာ ညီကအရာရာပါ"
"ထပ်တူပါ အကို"
"ကဲ...မိုးလည်းချုပ်ပြီ ပြန်ကြစို့ ညီ"
"ဟုတ်"
YOU ARE READING
တော်မဝင်ပါ...သို့သော်
Literatura Faktuညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)