ဝမ်ချို့အသက်ဆယ့်ခုနစ်နှစ်အရွယ်မှာပဲ မိသားစုထဲမှာနောက်ဆုံးကျန်ရှာတဲ့ သူ့အဖေဆုံးသွားပြန်လို့
တကောင်ကြွက်ဖြစ်ရှာသွားတယ်။ ဆိုတော့ ဘဝနာတဲ့သူတွေရဲ့ထုံးစံအတိုင်း ဝမ်ချိုဟာအသက်ထက်ကိုပိုပြီး
ရင့်ကျက်ပြီး လုပ်တတ်ကိုင်တတ်ရှိတော့ သူ့ဟာသူနေသွားမယ်ဆိုရင်လည်း ဖြစ်တာပါပဲ ။ ဒါပေမဲ့ သူ့အဖေဆုံးခါနီးဆဲဆဲမှာ ဝမ်ချိုရဲ့အဒေါ်ရှိရာ တောင်ပိုင်းဟန်ချောင်မြို့ကို သွားနေဖို့ အထပ်ထပ်မှာခဲ့တယ် ။ သူ့ဟာသူ
ကောင်းကောင်းရပ်တည်နိုင်ပြီဖြစ်တဲ့သားကို စိတ်မချစရာအကြောင်းမရှိပေမယ့် သူ့နှမဖြစ်တဲ့ဝမ်ချို့ရဲ့ အဒေါ်နဲ့သူ ပြုထားခဲ့တဲ့ကတိကဝတ်ကို ပြီးမြောက်အောင်မြင်အောင် ဖြည့်ဆည်းဖို့သွားခိုင်းတာပါ ။ အဲဒါကတော့ 
တခြားမဟုတ်ပေဘူး ။ ဝမ်ချိုရဲ့အဖေနဲ့ သူ့နှမဟာ သူတို့အိမ်ထောင်အသီးသီးကျစကတည်းက သူတို့ရဲ့ရင်သွေးတွေကို ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲ ဖိတ်ရအောင် မြန်းထားခဲ့ကြတယ်။ တကယ်လဲအခန့်သင့်ပဲ သူ့နှမ
မှာ သမီးလေးမွေးလာပြီး ဝမ်ချိုရဲ့အဖေဆီမှာတော့ ဝမ်ချိုကိုထွန်းကားခဲ့ကြတယ်။မကြာခင်ပဲဝမ်ချိုရဲ့ အဖေလည်း တိုင်ယွမ်မြောက်ပိုင်းကို တာဝန်ကျလို့ တအိမ်သားလုံးပြောင်းသွားရကတည်းက ဆွေမျိုးတွေ သိပ်မတွေ့ ဖြစ်ကြတော့တာ အခုအကိုဖြစ်သူဝမ်ချိုရဲ့ အဖေဆုံးရှာတဲ့အထိပါပဲ။
ဒါနဲ့ဝမ်ချိုလည်း ဖအေကြီးမြေချပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ သူ့အဒေါ်ရှိရာ ဟန်ချောင်မြို့ကို ခရီးစတော့တယ်။ စိတ်ထဲကလည်း သူခြောက်နှစ်အရွယ်တုန်းကပဲ မြင်ခဲ့ဖူးတဲ့ သူ့နှမဝမ်းကွဲလေးကို ပြန်တွေ့ရတော့မှာမို့ ပျော်လို့ပေါ့လေ ။ သူတို့ငယ်ငယ်ကတော့ သေးသေးကွေးကွေးနဲ့ ပိုးဥကလေးလိုနူးညံ့ဖြူနုနေတဲ့ သူ့နှမလေးဟာ
သူ့အနားမှာပဲ အမြဲလိုလိုတွယ်ကပ်နေတတ်ပြီး အတူကစားတိုင်း သူလုပ်သမျှကိုမျက်လုံးဝိုင်းကြီးတွေနဲ့ အံ့သြလို့ အထင်တကြီးရှိနေတတ်တာကို ပြန်သတိရလာတယ်။ သူတောင် အသက်ဆယ့် ခုနှစ်နှစ်ရှိမှတော့ သူ့နှမလည်း ငယ်လှရင် လပိုင်းပေါ့။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint