ချန်နန် (အပိုင်း - ၃)

801 108 4
                                    







ဝမ်ချိုပြန်လာတော့ ချန်နန် အတော်လေး အခြေအနေဆိုးနေတာကို တွေ့လိုက်ရပါလေရော။ အသည်းကွဲရှာတဲ့ မိန်းကလေးဟာ အပမှီနေသလိုမျိုး ကြောင်တောင်တောင်နဲ့ လူမှန်းသူမှန်းမသိတဲ့ အခြေအနေထိ
ဖြစ်နေတော့တယ်။ မျက်ရည်တတွေတွေနဲ့ နှုတ်ဖျားကလည်း ဘာတွေမှန်းမသိတာကို တဖွဖွရေရွတ်နေတဲ့ ချန်နန်ဟာ အဖေအမေကိုလည်း မမှတ်မိတော့တဲ့အပြင် ဘာဆိုဘာမှလဲမစားတော့ဘူး။ ဒါနဲ့ချန်နန်ကို ရူးသွားပြီထင်ပြီး ဆေးဆရာခေါ်ပြန်တော့ ခန္ဓာကိုယ်က အကောင်းပကတိ အနာမရှိပြန်ဘူး ။ မစားမသောက်ဘဲနေလို့ ပိန်ကြုံသွားတာကတော့ တပိုင်းပေါ့လေ။ ချန်နန်ကို စကားပြောကြည့်ကြပေမဲ့ ဗလာဖြစ်နေတဲ့မျက်
လုံးတွေနဲ့ပဲ စိုက်မိစိုက်ရာငေးလို့ နားလည်ဟန်မတူပါဘူး။ ဘယ်လိုပြောရမလဲဆိုရင် လိပ်ပြာစင်သွားတဲ့လူမှာ ခန္ဓာကိုယ်အခွံသက်သက်ကြီးသာ ကျန်တော့သလိုပဲ။ ချန်နန်ရဲ့ ကိုယ်စိတ်နှလုံးကို ထိန်းချုပ်နေတဲ့ လိပ်ပြာဝိညာဉ်ကတော့ အဝေးကြီးကိုထွက်သွားသလို။ မျက်နှာတခုလုံး ဖွေးဖေွးဆွတ်အောင်သွေးဆုတ်ပြီး
ပြောမိပြောရာတွေ ရေရွတ်နေတဲ့ချန်နန်ကိုလည်း ဆေးဆရာတကာက လက်လျှော့လိုက်ကြတဲ့အခြေအနေမှာ
ဝမ်ချိုပြန်ရောက်လာတယ်။ ဝမ်ချိုလည်း ကြားကြားချင်းပဲ သူ့အဒေါ်ရဲ့ခွင့်ပြုချက်နဲ့ ချန်နန်ရဲ့အခန်းထဲကို ဝင်ကြည့်တာပေါ့ ။ ဝမ်ချိုရဲ့အသံကြားလိုက်ရတယ်ဆိုတာနဲ့ ချန်နန်ရဲ့ဗလာသက်သက်ဖြစ်နေတဲ့ မျက်လုံး
တွေမှာ အရိပ်အယောင်တချို့ကိုတွေ့လိုက်ရပြီး ပါးကလေးတွေမှာလဲည်း သွေးရောင်မဆိုစလောက် တက်လာတယ်။

“….ချန်…ချန်လေး…ကိုကိုပြန်လာပြီလေ… ချန်…ကြားရဲ့လား….”

ဝမ်ချိုကထပ်ခါတလဲခေါ်တော့ ချန်နန်က မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး မှတ်မိလာဟန်နဲ့ ပြုံးလာတယ် ။

“…..ချိုလား…ကိုကိုဟုတ်ပါတယ်နော်….. ချိုဘယ်သွားနေတာလဲ…...”

ဒီတော့မှပဲ စိတ်အေးသွားတဲ့အမေကလည်း မျက်ရည်တွေနဲ့မေးပါတယ်။

“….သမီး…မေမေ့ကိုမှတ်မိတယ်နော်… ငါ့သမီးနေကောင်းလာပြီလားဟင်.. ဘယ်လိုနေသေးလဲ…”

“…..သြော်…မေမေကလည်း…. ကိုယ့်အမေကို ကိုယ်မမှတ်မိပဲနေပါ့မလားလို့…. မေမေကဘာလို့ငိုနေရတာလဲ…
သမီးကရော.. နေ့ခင်းကြောင်တောင်ကြီးကို ဘာလို့အိပ်ရာထဲရောက်နေရတာလဲ….”

ဆိုပြီး ချန်နန်က အံ့သြတကြီးနဲ့ ဘေးဘီကို လှည့်ပတ်ကြည့်ရင်းဆိုတယ် ။ သူ့ကိုကြည့်ရတာ ဒီတစ်လလောက်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှတွေကို လုံးလုံးမှတ်မိဟန်မရှိဘူး ။ ဒါနဲ့သူ့မေမေက အကြောင်းစုံပြောပြတော့
ချန်နန်ခမြာ ယုံတောင်မယုံနိုင်ပါဘူး ။ ဝမ်ချိုပြန်ရောက်လာတာနဲ့တင်ကို ချန်နန်ဟာ ရက်အနည်းငယ်အတွင်းပဲ
ပြန်ပြီး အကောင်းပကတိကျန်းမာလာခဲ့တယ်။ ချန်နန်သည်းခြေပျက်သလို ဖြစ်သွားတုန်းကတော့ အတော်လေးလန့်ပြီး တန့်သွားတဲ့ ဦးကြီးဟန်ရီဟာ တစခန်းထလာပြန်ပါရော ။ အောင်သွယ်တော်တွေနဲ့ စကားပြော
ဆိုကြပြန်ပြီး ကြီးမေကြီးနဲ့နေ့တိုင်းဆိုသလို အပြင်ထွက်ပြီး လှုပ်ရှားကြပြန်တယ်။ ဒါနဲ့ချန်နန်ရဲ့ မေမေက သူတို့သမီးလေးဟာ ဝမ်ချိုကိုမြင်လိုက်တာနဲ့တင်ကို ချက်ချင်းသတိပြန်ဝင်လာကြောင်း ပြောပြတော့ဦးကြီးက ဒေါသတကြီးနဲ့ ခေါင်းတယမ်းယမ်းဆိုတယ်။

“……အလကား..မူယာမာယာများနေတာ… ဘယ့်နှယ်..ကိုယ့်မိဘကိုတောင် မမှတ်မိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.. ဆေးဆရာတွေကလည်း ကောင်မလေးမှာ ဘာရောဂါမှမတွေ့ဘူးလို့ ပြောနေပြီပဲကွ.. မိဘကကောင်းစေချင်လို့ စီစဉ်ရင်နာခံရမှာပေါ့…. ခင်ဗျားအလိုလိုက်လွန်းလို့ အမိုက်စော်ကားဖြစ်ကုန်ကြပြီဗျား… မအေလုပ်
တဲ့သူကလည်း ကြပ်ကြပ်မတ်မတ် ရှိဖို့ကောင်းတယ်… အခုလည်း ကိစ္စကတော့ပြီးသွားပြီ… ခင်ဗျားကသာ ကိုယ်မွေးထားတဲ့သမီးကို နိုင်အောင်ပြောပေတော့….”

“……အဖေကြီးရယ်…ချန်နန်က ဟန်ဆောင်နေတယ်ပြောရအောင်… ကိုယ့်သမီးအကြောင်း ကိုယ်မသိတာ
လည်းမဟုတ်ပဲနဲ့… ချန်နန်လောက်လိမ္မာပြီး သိတတ်တဲ့ကလေးက..ဒီလောက် ခါးခါးသီးသီးဖြစ်နေတယ်ဆိုကတည်းက သူ့ဖူးစာမပါလို့ဖြစ်မှာပေါ့ရှင်…ပြီးတော့ အိပ်ရာပေါ်မှာမစားမသောက်နဲိ့ပိန်ချုံးသွားတဲ့အထိတော့ မူယာမာယာ များနိုင်မယ်မထင်ပါဘူး… သမီးဆန္ဒမပါဘဲနဲ့ ဘာလို့များစေ့စပ်ပစ်လိုက်ရတာလဲ….. ကျွန်မကတော့ ဒီကိစ္စကြီးကို ပြန်စဉ်းစားခိုင်းစေချင်တာပဲ……..”

“……ဘာ…ရှန်အိမ်တော်နဲ့ စေ့စပ်ထားတာကို ဖျက်ပစ်ရမယ်ဆိုတဲ့သဘောလား… မင်းရူးများနေလေရော့သလားကွ… မိန်းမရ…ကလေးစိတ်ကူးတည့်ရာ လုပ်နေတာကို မင်းကပါ မအေလုပ်နေပြီး အားပေးအားမြှောက်
လုပ်နေသေးတယ်.…. ချန်နန် ဂျီတိုက်တိုင်းသာ အတည်ယူပြီး.. စေ့စပ်ပွဲကိုဖျက်ရရင်တော့ လူတွေကငါတို့ကို ဦးနှောက်မရှိတဲ့သူတွေလို့ ထင်မှာပေါ့ကွ..… ရှန်အိမ်တော်ကလည်း ယုံမယ်များထင်လို့လား.. ငါတောင်မယုံတာ
ဘယ့်နှယ်… ဘာအသည်းကွဲလို့ နေမကောင်းဖြစ်ရမှာတုန်း.. ပေါက်တတ်ကရတွေ……”

“……ဟုတ်ပါ့တော်.. ကျုပ်တို့လူ့ပြည်ရောက်လာတာပဲ အနှစ်ငါးဆယ်ရှိနေပြီ.. ကိုယ့်အဖေအမေကိုတောင် မမှတ်မိရလောက်အောင် ဖြစ်ရတယ်ဆိုတာများ တခါမှမကြားဖူးပါဘူး… အခုခေတ်မိန်းကလေးတွေများ တတ်လည်းတတ်နိုင်ကြပါပေရဲ့…. သဘင်သည်များကျလို့.. ငိုရယ်..ရယ်ဟယ်နဲ့.. ငါ့မောင်တို့ကလည်း သားသမီးကိုသိပ်
အလိုမလိုက်ကြနဲ့ကွဲ့… ကလေး..ကလေးနဲ့.. လင်စံရွေးရင်းလင်ခွေးနဲ့ညားသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်….”

ကြီးမေကြီးကလည်း ဝင်ပြီးသရော်တော်တော်နဲ့ ကုန်းအဆင်းမှာ ဘီးတပ်ပေးလိုက်တော့ ဦးကြီးဟန်ရီက ငိုချင်ရက်လက်တို့မဟုတ်ပါလား ၊ ချန်နန်များ မဟုတ်တရုတ်နဲ့ညားသွားခဲ့ရင်ဆိုပြီး ရှန်အိမ်တော်နဲ့ကိစ္စကို အမြန်ပဲခေါင်းညိတ်လိုက်ပါလေရော။ ချစ်သူနှစ်ယောက်ခမြာမှာတော့ မျှော်လင့်ချက်မရှိရှာတော့ဘူး ။ ဒီအခြေအနေထိ ရောက်သွားမှတော့ ဘာဆက်လုပ်လို့ရဦးတော့မှာလဲ ။ ချန်နန်ရဲ့အမေလည်း ဝမ်းပန်းတနည်းနဲ့
လက်ပိုက်လို့သာကြည့်နေရတော့တယ် ။ ဒီတောင်ကိုမောင်မဖြိုနိုင်တော့တဲ့ ဝမ်ချိုကတော့ အားမတန်မာန်လျော့လို့ အဝေးဆုံးကိုထွက်ပြေးဖို့ ကြံမိတော့တယ် ။ ဒါနဲ့ သူနေပြည်တော်ကို ထွက်သွားတော့မဲ့အကြောင်း
ဦးကြီးဟန်ရီကို ပြောပြခွင့်တောင်းတော့ ဟိုကလုပ်သင့်တာကြာလှပေါ့ဆိုတဲ့ လေသံမျိုးနဲ့ပြန်ပြောတယ်။

“……..…အေး..…မြန်မြန်သာသွား.. ယောက်ျားဆိုတာ သူများအိမ်ခေါင်အောက်ပဲ ခိုနေလို့ကတော့.. ဘယ်တော့မှအညွန့်ပေါက်မှာ မဟုတ်ဘူး….မင်းဒီလောက်ကြာကြာ ဖင့်နွှဲနေတာတောင်လွန်လှပြီ…..”

ဝမ်ချိုအပြီးအပိုင် ထွက်မသွားခင်မှာတော့ သူ့အဒေါ်ကနောက်ဆုံးအနေနဲ့ နှုတ်ဆက်ညစာစားပွဲလေး လုပ်ပေးရှာတယ် ။ ဝမ်ချိုကတော့ စေ့စပ်ပွဲသတင်း ကြားပြီးကတည်းက အိပ်ရာပေါ် ဘုန်းဘုန်းလဲသွားလိုက်တာ
နှစ်ရက်လောက်ရှိနေပြန်ပြီ ။ ဟိုတခါကလိုပဲ မစားမသောက်နဲ့နေနေတဲ့အပြင် ဒီတခါတော့ စိတ်ထောင်းလို့ကိုယ်ကြေရှာသလိုပဲ ပြင်းပြင်းထန်ထန်ကို ဖျားနာပါတော့သတဲ့ ။ ညစာစားဖို့တောင် ထမထိုင်နိုင်တော့တဲ့
ချန်နန်ကို သူ့အဒေါ်အဖော်ပြုလို့ ဝမ်ချိုက အခန်းထဲဝင် နောက်ဆုံးအနေနဲ့ ဝင်နှုတ်ဆက်တယ်။

“……..ချန်ရေ…ကိုကိုတော့ မနက်ဖြန်သွားတော့မယ်ကွယ်… နှုတ်ဆက်ခဲ့ပါတယ်.. ချစ်တဲ့သူကိုအရမယူနိုင်
ခဲ့တဲ့ လူညံ့ကြီးကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ …   ဒီဘဝတော့ဒီမျှသာ ဆိုပေမယ့်  နောင်ဘဝဆက်တိုင်းမှာ ချန်နဲ့ကိုယ်
ပြန်ဆုံချင်ပါသေးရဲ့ကွယ်… အခုတော့ ချန်နဲ့အဝေးဆုံးကို.. ကိုကိုသွားရတော့မယ်…ချန့်ကို.. ကိုကိုအမြဲချစ်
နေမှာပါ…. ချန်နေကောင်းအောင်နေပါ… ကိုကိုထပ်ပြီး ရင်မကွဲပါရစေနဲ့.….”

“……….ချိုရယ်…ကိုကိုမရှိဘဲ ကျွန်မအသက်ရှင်နေလို့လဲ.. ဘာထူးဦးမှာလဲ…. ချိုပြောသလို ကျွန်မတို့ နောင်ဘဝမှာ မြန်မြန်ဆုံနိုင်ဖို့သာ..သွားနှင့်ပြီး ချို့ကိုစောင့်နေချင်ပါတော့တယ်… ကျွန်မတို့ကို ဘယ်သူမှခွဲလို့မရပါဘူး.. ချိုရဲ့… ကျွန်မဘယ်ဘဝပဲရောက်နေနေ.. ချို့အနားမှာအမြဲရှိနေမှာ….သွားတော့.. ကိုကိုရေ့…သွားပေဦးတော့…. ကျွန်မနှလုံးသားကို လက်ဆောင်ပါးလိုက်ပါပေရဲ့... ချိုသွားနှင့်ပါ…. ကျွန်မလိုက်ခဲ့မှာပေါ့....”

သေစကားတွင်တွင်ပြောလို့ ကယောင်ကတမ်းဖြစ်ရှာတဲ့ ချန်နန်ကို ဝမ်ချိုခမြာဖြောင်းဖြဖို့ စကားလုံးရှာမရဘူး ။ သူကိုယ်တိုင်လည်း နှလုံးသည်းပွတ်ကို အရှင်လတ်လတ်ဆွဲထုတ်ခံရသလို ရင်တခုလုံး ဗလာဟင်းလင်းနှင့်ထထွက်လာမိတော့တယ်။ သူ့ချစ်သူကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒီအိမ်ကို ဒီတသက်ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူးလို့ သူ့ကိုယ်သူကတိပေးရင်း ကျောခိုင်းလို့ အပြီးအပိုင်ထွက်လာခဲ့တော့တယ် ။
ဝမ်ချိုစီးလာတဲ့ တုံကင်းလှေကြီး ဟန်ချောင်ကထွက်လာပြီး တစ်နာရီလောက်တော်တော်လေး စုန်မိလို့
ညစာစားချိန်နီးတော့ နီးရာဆိပ်တခုမှာ တခါတည်းညအိပ်ကြဖို့ဆိုပြီး ကျောက်ချရပ်နားပါတယ်။ ဝမ်ချိုမှာတော့ညစာစားလို့လည်း မဝင်တာနဲ့လှေဝမ်းထဲမှာပဲ လှဲနေတုန်း နားထဲမှာကမ်းပါးတလျှောက် ပြေးလာတဲ့ခြေသံ
ကြားလိုက်သလိုလိုရှိတာနဲ့ ခေါင်းထောင်ကြည့်မိတုန်း ခေါ်သံကြားလိုက်ရပါလေရော ။

“…….ချိုရေ….ချိုရေ….ကိုကိုဘယ်မှာလဲ… ကျွန်မကိုလာခေါ်ပါဦး….ချိုရေ…..”

အစမတော့သူစိတ်စွဲပြီး ကြားယောင်တာလို့ ဝမ်ချိုကထင်နေမိသေးတယ် ။ ချန်နန်က အိပ်ရာထဲမှာ သေကောင်ပေါင်းလဲဖျားပြီး ကျန်နေခဲ့တာသူ့အမြင်ပဲကိုး ။ ဒါပေမဲ့ ချိုရေဆိုပြီးချန်နန်ရဲ့ အသံပျော့လေးနဲ့ခေါ်သံ
နောက်တခါကြားရပြန်တဲ့အခါ လူးလဲထပြီး ပေါင်းမိုးအောက်ကနေ ထွက်ကြည့်လိုက်တော့ လရောင်ဖျော့ဖျော့အောက်က ကမ်းပါးပေါ်မှာချန်နန်ရပ်နေပါတယ်။ ဝမ်ချိုလဲအံ့သြတကြီးနဲ့ ကမ်းပေါ်ကို ခုန်တက်သွားတော့ ချန်နန်ကသူ့ရင်ခွင်ထဲ ခွေကျလာပြီး တိုးတိုးဆိုရှာတယ် ။

“……..ချို့ကိုမခွဲနိုင်လို့ ကျွန်မအိမ်ကနေထွက်ပြေးလာတာ… ကိုကိုကျွန်မကို ဆူပါနဲ့နော်….”

အခုချိန်ထိဖြစ်ပျက်နေသမျှကို မယုံနိုင်သေးတဲ့ဝမ်ချိုဟာ ချန်နန်ကိုတယုတယပွေ့ ချီပြီး လှေပေါ်ကိုသယ်
လာခဲ့တယ် ။ စိတ်ထဲမှာတော့ ညစာစားဖို့တောင် မထနိုင်တဲ့ချန်နန်ဟာ လေကောင်းကောင်းမိလို့ မြင်းရိုင်းများလို လှစ်ကနဲလှစ်ကနဲနေအောင် ပြေးတဲ့ ရွက်လှေရဲ့ အစုန်ခရီးတစ်နာရီလောက်ကို ဘယ်လိုခွန်အား ၊ ဘယ်လိုစွမ်းပကားနဲ့များ အမှီလိုက်လာနိုင်ခဲ့သလဲဆိုတာ မတွေးတတ်ဘူးဖြစ်နေတယ်။ ယောက်ျားကြီး
တယောက်တောင် ဘယ်လိုမှမတတ်နိုင်တဲ့ ဒီကမ်းပါးစောက်တလျှောက်ရဲ့ ခရီးကြမ်းကို ခြေဗလာနဲ့မရရအောင်လိုက်လာတဲ့ ချန်နန်ကိုကျစ်ကျစ်ပါအောင်ဖက်ပြီး ဝမ်ချိုမှာ ဝမ်းသာတာကတမျိုး ၊ သနားတာက
တဝက်နဲ့ မျက်ရည်ဖြိုင်ဖြိုင်ကျမိတယ်။
ခြေထောက်ကလေးတွေ ညိုမည်းလို့ သွေးအလိမ်းလိမ်းနဲ့ ပေါက်ပြဲပြီး အားကုန်နွမ်းလျနေပေမဲ့ ချစ်သူရဲ့
ရင်ငွေ့အောက်မှာပဲ တဖြည်းဖြည်း သက်သာလာသလိုရှိတဲ့ ချန်နန်ဟာ နောက်တခါမျက်လုံးလေးတွေ
ပွင့်လာတော့ ပြုံးပြုံးလေးပြောတယ်။

“…..ချို့ကိုပြောသားပဲ… ကျွန်မတို့ကိုဘယ်သူမွှဲခွဲလို့မရပါဘူးဆို… ကိုကို့နောက်ကို ကျွန်မရအောင်လိုက်ခဲ့တာပေါ့…”













ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now