မျက်နှာကသာမပြောင်းလဲဘဲ ရေပြင်လိုတည်ငြိမ်နေပေမဲ့ အသံတွေတုန်နေတဲ့ အင်ကြင်းဟာ ခပ်မြန်မြန်ပြောပြီး ယွင်ချန်ကို စကားအစတောင်မခံပဲနဲ့ လှည့်ထွက်သွားပါလေရော။ ယွင်ချန်ကတော့ ရှက်တာကတကြောင်း၊ အင်ကြင်းက မီးစတဖက် ရေမှုတ်တဖက်နဲ့ သူ့ကိုလှည့်စားတယ်လို့ ထင်တာကတကြောင်း၊ ထင်သလိုဖြစ်မလာလို့ စိတ်ပျက်တာကတကြောင်းနဲ့ ဒေါသထွက်လွန်းလို့ တုန်ယင်ပြီးကျန်ခဲ့ရတယ်။ သူ့ကိုရပ်တန်းကရပ်ဖို့ လူကိုယ်တိုင်ပြောချင်သပဆိုရင်လဲ ဟွမ်နမ်ကနေတဆင့် စကားဖြစ်ဖြစ်၊ စာရိုးရိုးပဲ ဖြစ်ဖြစ် ပါးလို့ရနေလျက်သားနဲ့ ဘာကြောင့်များ ဒီလိုအဓိပ္ပါယ်ပါတဲ့ကဗျာကို အပင်ပန်းခံ ရေးပို့နေသေးသလဲဆိုပြီးတော့ အံ့သြမိတယ်။ ဒါမှမဟုတ် တကယ်ပဲတွေ့ချင်ပါလျက်နဲ့ ယွင်ချန်ကို နဖူးတွေ့ဒူးတွေ့လူကိုယ်တိုင်ဆုံလိုက်မှ ကြောက်ပြီး စိတ်ပြောင်းသွားတာ ဖြစ်နိုင်သေးတာပဲလို့လည်း တွေးမိတယ်။ မိန်းမမာယာ သဲကိုးဖြာများတော့ စိတ်ကုန်ပါပြီဆိုပြီး ယွင်ချန်ခမြာ ထုတ်တောင် ညည်းယူရရှာတယ်။ ဆောင်းလေပမာပဲ အတွင်း သဘောတွေကလဲ ပြောင်းလဲနိုင်လွန်းတယ်ဆိုပြီး အင်ကြင်းကိုတမ်းတမ်းစွဲနေရာကနေ မုန်းမိမလိုတောင်ဖြစ်လာတော့တယ်။ ယွင်ချန့်စိတ်ထဲမှာ စကျင်ကျောက်သားပန်းပုလို အေးစက်ပြီးခံစားချက်မဲ့လှတဲ့ မိန်းမလှဟာ သူ့ကိုသက်သက်အရူးလုပ်နေတာလို့ ထင်မိတာကိုး။အဲဒီလိုတွေဖြစ်ကြပြီး ဒုတိယမြောက်ညမှာ ယွင်ချန်တယောက် သူ့ဧည့်ဆောင်မှာ အိပ်ပျော်နေတုန်း ညအမှောင်ထဲမှာ တယောက်ယောက်က သူကိုလာပြီးလှုပ်နှိုးတယ်။ ယွင်ချန် အိပ်ချင်မူးတူးနဲ့ထထိုင်ပြီး မီးခွက်ကို ထွန်းကြည့်တော့ အင်ကြင်းရဲ့ကျွန်မလေး ဟွမ်နမ်ဖြစ်နေတယ်။
“…သခင်လေး.. ထ..ထ… သခင်မလေး လာနေပြီ….”
တိုးတိုးလေးပြောပြီး ဟွမ်နမ် အသာလေး ထွက်သွားရော။ ယွင်ချန်ကတော့ အိပ်ရာပေါ်မှာ နားမလည်တလည်နဲ့ အိမ်မက်များ မက်နေသလား ဆိုပြီး မျက်စိတွေပွတ်သတ်လို့ ထိုင်တွေးနေသေးတယ်။ ခဏကြာတော့မှ ဟွမ်နမ်ပြောခဲ့တာကို ရုတ်တရက်နားလည်သွားပြီး ဝတ်ရုံတထည်ကို ကပျာကယာထလဲရတာပဲ။ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ ကျွန်မလေးကို အဖော်ပြုပြီး ရှက်သွေးဖျန်းလို့ ဖျော့ညံ့နီထွေးနေတဲ့ အင်ကြင်းရောက်လာတယ်။ သူ့မျက်နှာလေးပေါ်မှာတော့ ခါတိုင်းမြင်နေကျ အေးစက်စက်မျက်နှာသေအစား စိတ်လှုပ်ရှားပြီး မရေမရာအရိပ်အယောင်အပြည့်နဲ့။ ရှက်ရိပ်တွေဝဲလို့ တောင့်မတ်မတ်နဲ့ ခံ့ငြားလှတဲ့ ကိုယ်ဟန်မရှိတော့ပဲ ဟွမ်နမ်အပေါ်ကိုပဲ လုံးလုံးလျားလျားမှီထားရတယ်။ အင်ကြင်းဟာ သူ့ရဲ့မာနရောင်လျှံပြီး မောက်မာအေးစက်တဲ့ မျက်နှာဖုံးကို လုံးလုံးလျားလျားခွာချခဲ့လေတော့ အခုမှပဲ ယောက်ျားပျိုတယောက်ရဲ့ရှေ့မှာ တုန်ယင်ရှက်ကြောက်နေတဲ့ သာမန်မိန်းကလေးပုံ ပေါက်လာတော့တယ်။ သူ့အပြုအမူတွေ၊ သူ ယွင်ချန်ကို ပြောခဲ့သမျှတွေအတွက် တောင်းပန်ခြင်း မရှိသလို၊ ညကြီးမင်းကြီး ယွင်ချန်ဆီ ဆိုင်းမဆင့်ဗုံမဆင့် လာရတာကို ရှင်းပြမနေပဲ မှိုင်းညှို့နေတဲ့မျက်လုံးကြီးတွေနဲ့ပဲ ယွင်ချန်ကို စိုက်ကြည့်နေပါတယ်။
ဆံနွယ်တွေပုခုံးပေါ်မှာ ဝေဖြာဝဲပျံကျနေတဲ့ သူ့အခန်းထဲက မိန်းမလှကိုကြည့်ရင်း ယွင်ချန်ကတော့ ရင်တဆတ်ဆတ်ခုန်လို့။ ကြောက်ဒူးတုန်တယ်ပဲဆိုချင်ဆို ဒီမိန်းကလေးကို သူမထိရဲသေးတာတော့ အမှန်ပဲ။ ဒါပေမယ့် အင်ကြင်းရဲ့ မျက်နှာလေးကိုမြင်လိုက်တာနဲ့တင် သူ့ကိုပြောခဲ့သမျှတွေအတွက် စိတ်ဆိုးခဲ့ရတာတွေ ပိန်းကြာဖက်ပေါ်ရေမတင်သလို ပြေလျှောကျခဲ့ပြီ ဆိုတာတော့ သူ့ကိုယ်သူသိလိုက်တယ်။ အဲဒီအချိန်မှာ ဟွမ်နမ်က ဘာမပြောညာမပြောနဲ့ ခေါင်းအုံးတလုံးကို ယူလာပြီး ယွင်ချန်ရဲ့ အိပ်ရာပေါ်မှာ နေရာချလိုက်ပြီး ထွက်သွားပါလေရော။ ဟွမ်နမ်ထွက်သွားတာနဲ့ အင်ကြင်းပထမဆုံးလုပ်တာကတော့ ယွင်ချန် ထွန်းထားတဲ့မီးခွက်ကို ငြှိမ်းလိုက်တာပါပဲ။ စကားကတော့ ရောက်ကတည်းက တခွန်းမှ မဟသေးဘူး။ ယွင်ချန်က အမှောင်ထဲမှာ စမ်းပြီး သွားရင်း အင်ကြင်းရဲ့ တုန်ယင်လှိုက်ဖြာတဲ့ ကိုယ်အိထွေးထွေးလေးကို ရင်ခွင်ထဲ ဆွဲသွင်းကြည့်တော့ အလိုက်သင့်ပါလာတယ်။ ကြာရိုးကလေးတွေလို သွယ်ပျောင်းနေတဲ့ လက်မောင်းလေးတွေနဲ့ ယွင်ချန်ရဲ့ လည်ကိုခိုတွယ်ပြီး ဒူးမခိုင်တော့သလို အိပ်ရာပေါ်ကို လှဲချလိုက်တဲ့အထိ အသက်ရှုသံ မြန်မြန်ပြင်းပြင်းကလွဲရင် စကားတခွန်းမှ မပြောခဲ့ဘူး။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint