မီးဖိုလဲအရှိန်ရလာရော ကြေးခွက်ကလေးတွေ ထုတ်ပြီး သုတ်သင်နေတဲ့လီဟွားကို သူ့အမေကြီးက လှမ်းပြောတယ်။
“လေးခွက်ထုတ်ပြီး.. စားပွဲပေါ် အသင့်ပြင်ထားကွဲ့…”
သဘောကတော့ သူတို့ပါ ဝင်သောက်ကြမယ်ပေါ့လေ။ အဲလိုပြောလိုက်တော့ လီဟွားက ခွက်နှစ်ခွက်ကို ထပ်ထုတ်လာပြီး စားပွဲပေါ်တင်ရင်းနဲ့ သူတို့ စကားပြောနေတဲ့နား ခဏလာရပ်နေပြီး နားထောင်လိုက် ၊ မီးဖိုနားကိုသွားလိုက် လုပ်နေရာက ဝိုင်အရက်ကို ကြေးအိုးထဲ ငှဲ့ထည့်ရင်းနဲ့ လှမ်းပြောတယ်။
“…မေမေရေ..အသင့်ပဲ… အစ်ကိုတွေခွက်ထဲ သမီးငှဲ့ပေးလိုက်တော့မယ်…”
“…အေး..အေး..ထိုင်နှင့်.. သမီးရေ… တို့အခုပဲ လာခဲ့တော့မယ်…”
နဖူးပေါ်ဝဲနေတဲ့ ဆံခွေမည်းလေးတွေကို လက်မောင်းဖွေးဖွေးလေးနဲ့ သိမ်းဖယ်လိုက်ပြီး ခါးစည်းအဝတ်လေးပေါ်က ပြာတွေကို တဖတ်ဖတ်ခါချရင်းနဲ့ လီဟွားလေးက သူတို့ဝိုင်းထဲကို လာထိုင်တယ်။ လေးယောက်သား စပြီးသောက်ကြရင်း စကားဖောင်ဖွဲ့ကြတာပေါ့။ ချွမ်မုဆိုးမကြီးကတော့ ချက်ချင်းလိုလို
ဝူဟန်ရဲ့အိမ်ထောင်ရေးကို စပ်စုတယ်။ ဝူဟန်လည်း သူဟာဘယ်လောက်ထိ စိတ်ချမ်းသာရကြောင်း အားပါးတရပြောမယ် လုပ်ပြီးမှ ဟိုတခါအိမ်မှာ ဆူဆူညံညံ ဖြစ်ခဲ့ကြတာကို သတိရသွားပြီး မနည်းပဲ ချွန်းအုပ်လိုက်ရ။ ဟုတ်တယ်လေ.. ချွမ်လီဟွားလို အလွန်ချိုသာ လှပနူးညံ့တဲ့ မိန်းကလေးက သူ့ဇနီးလီယိုနီယာကို အနာတရဖြစ်အောင် လာလုပ်ခဲ့တယ်ဆိုတာ ယုံရခက်ကြီးပေမဲ့ ဒီမိန်းမလှနှစ်ယောက်ကြားမှာ တခုခုတော့ မှားနေတယ်ဆိုတာကို ရိပ်မိလိုက်လို့ပါပဲ။ ချွမ်မုဆိုးမကြီးက ထပ်ပြောပြန်တယ်။“..ကဲ..အခုကျုပ်သမီးကို ဆရာလေးကိုယ်တိုင် တွေ့ရတော့..မနှမြောပေဘူးလားတော်…”
“…အင်း…အဒေါ့်သမီးကလဲ… အဆင်းရော.. အချင်းရော..ပြောတာထက်တောင် ပိုနေပါသေးသဗျာ.. အဒေါ်ဂုဏ်ယူမယ် ဆိုရင်လဲ… ယူလောက်ပါပေတယ်…”
ဝူဟန်တစ်ယောက် အရက်ကလေးက ဝင်လာတော့ အာကရွှင်လာတဲ့အပြင် သစ်တော်ပန်းကလေးကို ချီးမွမ်းချင်တာနဲ့ ချွမ်မုဆိုးမကြီးကို အားပါးတရ ထောက်ခံလိုက်တော့ မိန်းကလေးခမြာမှာ မျက်နှာကလေးရဲသွားအောင်ကို ရှက်သွေး ဖြာရှာပါတယ်။ ဒါနဲ့ ဝူဟန်နဲ့ လိုချီစန်လည်း အရက်တအိုးကုန်တာနဲ့ ပြန်ကြမယ်လုပ်တာကို ချွမ်မုဆိုးမကြီးက အတင်းတားပါတယ်။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint