တန်မင်းဆက်ကြီး ခိုင်ဖြီးကြွယ်ဝလာစေဖို့ ဝိုင်းဝန်းထူထောင်အုတ်မြစ်ချခဲ့စဉ်အချိန်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဟာ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ နိုင်ငံတစ်ခု စတည်ထောင်ဖို့လျှောက်လှမ်းခြဲ့ကရတဲ့ လမ်းကြမ်းကြီးမှာတော့ ထုံးစံအတိုင်း သူရဲကောင်းတွေ၊ ကြမ်းကြမ်းရမ်းရမ်း စွန့်စားခန်းတွေ၊ လွမ်းစရာချစ်ပုံပြင်တွေ၊ တိုက်ပွဲတွေ၊ အဝေးမြေကအောင်ပန်းတွေန့ဲ လူထူးလူဆန်းတွေရဲ့ အံမခန်းလုပ်ရပ်တွေ အပြည့်ပေါ့။ ပြောရမယ်ဆိုရင် အဲဒီ ခမ်းနားကြီးကျယ်လှတဲ့ခေတ်ကာလကြီးထဲက ဇတ်လိုက်တွေအကြောင်းကတော့ ပိုပြီး နားထောင်ကောင်းသလိုပါပဲ။ သူတို့ရဲ့ စိတ်ကူးအိမ်မက်တွေဟာ ပိုမိုခမ်းနားသလို ၊ သူတို့တွေရဲ့နှလုံးသားတွေက ပိုပြီးကြီးမြတ်ကြသလို ထင်ရတယ်။ စွန့်စားခန်းတွေဆိုရင် ပိုပြီးဆန်းကြယ်လှပတယ် ဆိုတာ ငြင်းမရဘူးဆိုရမယ်။ ဒီပုံပြင်ကိုစရရင် အချိန်ကတော့ စွီမင်းဆက်ပြိုလဲလုဆဲဆဲကာလ မှာပေါ့ ။ တောထဲမှာရှဉ့်ညိုတွေ ပြည့်နေသလိုပဲ နိုင်ငံတော်ကြီးတခုလုံးမှာ ခါတော်မှီ ကြေးစားစစ်သားတွေ တင်းကျမ်းဖြစ်နေသလို မင်းယောက်ျားမှန်သမျှ ရှိသမျှ စည်းစိမ်ပုံအောပြီး လောင်းကြေးကြီးကြီးထပ်ကြလို့ ဥာဏ်ချင်း ပြိုင်နေကြတဲ့အချိန်လည်းဖစ်ရဲ့။ သူတို့အားလုံးမှာ ကိုယ်ပိုင်ယုံကြည်မှုတွေ၊ အယူသီးတာတွေ ၊ ရန်ညှိုးတွေ ၊ သစ္စာစောင့်သိကြတာတွေနဲ့ တကယ့်တိုက်ပွဲဝင် မင်းယောက်ျားတွေချည်း ဆိုပါတော့။ အဲ..တခါတရံတော့ ဒီလို လှည့်လည်နေတဲ့ စစ်ထွက်ယောက်ျားတွေထဲမှာ ရှားရှားပါးပါးလို့ဆိုရမဲ့ ခွန်အားအရာမှာ သံမဏိလိုခိုင်ခန့်သန်စွမ်းပြီး ရွှေစင်လို မြင့်မြတ်အဖိုးတန်လှတဲ့ နှလုံးသားပိုင်ရှင်များကိုလည်း ကြုံရဆုံရတတ်တယ်။
ညဦးပိုင်းသာသာ ကိုးနာရီလောက်မှာပေါ့ ။ လီဆင်းလို့ခေါ်တဲ့ အသက်သုံးဆယ်အရွယ် လုလင်တယောက်ဟာ ညလယ်စာစားပြီး အိပ်ရာထဲမှာ ခဏလှဲနေတယ်။ လူကသာလှဲနေပေမဲ့ စိတ်ကတော့
ရှုပ်ထွေးငြီးငွေ့ပြီး အလိုမကျဖြစ်နေလို့ သက်တောင့်သက်သာတော့ မရှိလှဘူး။ လီဆင်းဟာ အရပ်မြင့်မြင့်တောင့်တောင့်တင်းတင်း နဲ့ပေါ့ ။ ဆံပင်တွေကတော့ လှိုင်းထပြီး ကြွက်သားအပြိုင်းပြိုင်းထနေတဲ့ ပခုံးပေါ်ဝဲလို့ ။ ပျင်းပျင်းရိရိနဲ့ လီဆင်းဟာ သူ့လက်မောင်း ကြွက်သားတွေကို ရုန်းလိုက်ကြွလိုက်ဖြစ်အောင် လုပ်နေလေရဲ့။ သူဟာ ရည်ရွယ်ချက် ကြီးမားသလောက် သန်စွမ်းကြံ့ခိုင်လှပေမဲ့ လောလောဆယ်မှာ ဒါတွေကို အသုံးချဖို့နေရာ မရှိသေးတော့ ကေသရာဇာခြင်္သေ့မင်းများကို လှောင်ချိုင့်ထဲထည့်ထားသလိုအင်မတန်မှ ဂဏာမငြိမ်ဖြစ်နေတာ။ သူဒီမနက်ပဲ စစ်သေနာပတိယန်ဆူဆီကိုသွားပြီး ပြိုလဲမတတ်ဖြစ်နေတဲ့ စွီနိုင်ငံတော်ကို ကယ်တင်နိုင်မဲ့ သေနင်္ဂဗျူဟာတခုကို တင်ပြခဲ့သေးတယ်။ ဒါပေမဲ့ရောက်ရောက်ချင်း စစ်သေနာပတိဆိုတဲ့ လူအိုဝတုတ်ကြီးက လုံးလုံးစိတ်မဝင်စားဘူးဆိုတာကို လီဆင်း ရိပ်မိလိုက်တာပဲ။ ဖတ်ကြည့်ဖို့ဆိုတာ ဝေလာဝေးပေါ့လေ။ စွီဧကရာဇ် နန်ကင်းဘက်မှာ မောင်းမတွေနဲ့ပျော်နေတုံး အနောက်ပိုင်းမြို့တော်ကို ကာကွယ်ဖို့ အာဏာကုန် လွှဲအပ်ခြင်းခံထားရတဲ့ စစ်သေနာပတိအိုကြီးက နန်းဆောင်ထဲကသလွန်တော်ပေါ်မှာ သူ့ဘဝကို အကျေနပ်ကြီးကျေနပ်နေတာကိုး။ လီဆင်းတင်ပြမဲ့ သွေးနဲ့ချွေးနဲ့ရင်းရမဲ့အလုပ်ကို ဘယ်ခေါင်းထဲ ထည့်ပါ့မလဲ။ အဖိုးကြီးရဲ့ ဝက်များလိုတွဲကျနေတဲ့ ပါးတုန်တုန်ကြီးတွေ ၊ ရမက်ဆန္ဒကြီးဟန်တူတဲ့ နှုတ်ခမ်းထူကြီးတွေနဲ့ မျက်အိမ်တွဲကြီးတွေကိုကြည့်တာနဲ့တင် သိနိုင်ပါတယ်။ စည်းစိမ်ပုံမှာ ပျော်မွေ့နေတာ ဘယ်လောက်ကြာခဲ့ပြီဆိုတာပေါ့။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint