လူမျောက်ဖြူ (အပိုင်း - ၃)

76 12 0
                                    






ကျုပ်တို့လဲ တံခါးကိုအပြင်းအထန်ထုပြီး အော်ခေါ်ကြည့်ကြတာပဲ။ ဓါးတွေ လှံတွေနဲ့ ကလန့်ကြည့်ကြသေးတယ်။ တံခါးကြီးကတော့ တုတ်တုတ်တောင်မလှုပ်ပါဘူး။ အနားကပ်လို့ သေချာနားထောင်ကြည့်ရင်တော့ အထဲက မိန်းမတွေ ကလေးတွေရဲ့ရယ်သံ၊ စကားသံလိုလို ကြားကြရတယ်။ ဒါနဲ့တခါထုကြည့်ပြီး ဝူးထိုးကြပြန်တာပေါ့။ နောက်နာရီတမတ်လောက် ကြာတော့ ကျောက်တောင်တခုပေါ်ကနေ ခေါင်းတလုံးပေါ်လာပြီး ကျုပ်တို့လာရင်းကိစ္စကို မေးရော။ သူတို့ဘာသာစကားကိုတတ်တဲ့ ဗိုလ်လေးဝမ် က ကျုပ်တို့ဟာ လမ်းပျောက်လာတဲ့ မုဆိုးတွေဖြစ်ကြောင်း၊ ဖြစ်နိုင်ရင် သူတို့ထဲက ဖြတ်ပြီး တောင်ဘက်ကိုသွားလိုကြောင်း ပြောလိုက်တော့ တံခါးအတွင်းထဲက လူသံတွေနဲ့အတူ လေးညှို့တင်သံတွေထွက်လာပြီး တံခါးအပေါ်ဘက်ကရော ၊ ကျောက်ကြားတွေထဲကပါ မြှားအစင်းနှစ်ဆယ်လောက် ကျုပ်တို့ကို ဝိုင်းချိန်ထားတော့တယ်။ တပ်မှူးလေးက ကျုပ်တို့ငြိမ်းချမ်းစွာ လာကြောင်းနဲ့ လမ်းသိရလျှင်သိရချင်း ထွက်သွားမှာဖြစ်ကြောင်း ပြောပြပြီး တံခါးဖွင့်ပေးဖို့ ထပ်တောင်းပန်ပြန်တယ်။ ပြောရရင်တော့ လုံးလုံးကို မျှော်လင့်ချက်မရှိတဲ့အခြေနေပါပဲ။

တံခါးပွင့်လာတာနဲ့ ဗိုလ်လေးဝမ်က အထဲကိုလှမ်းကြည့်တော့ လေးသမား အယောက်နှစ်ဆယ်က မြေပေါ်မှာဒူးထောက်လို့ ၊ နောက်ထပ်အယောက်နှစ်ဆယ်က မတ်တပ်ရပ်လို့ မြှားအစင်းလေးဆယ် တံခါးဝကိုမျက်နှာမူပြီး ချိန်ထားကြပြီး တံခါးရဲ့တဖက်တချက်မှာတော့ ဓါးရှည်ကိုင် လူခြောက်ယောက်စီက အသင့်အနေအထားနဲ့ စောင့်လို့။ ခေါင်းများသာ ပြူဝင်လိုက်လို့ကတော့ မျက်စိတမှိတ်အတွင်း အစအနတောင် ရှာရတော့မယ်မထင်ဘူး ။ ဗိုလ်လေးဝမ်က အသာပြုံးပြပြီး တလှမ်းတိုးတော့ သူ့ခါးကဓါးလွတ်ကို ဖြုတ်သွားကြရောဗျ ။ ကျုပ်တို့လည်း ဟန်ပြီထင်ပြီးတော့ ရဲမက်နှစ်ယောက်က ခြေလှမ်းပြင်လိုက်တာနဲ့ ဘာပြောကောင်းမလဲ .. မြှားတွေဆို တာဝီခေါ်သွားတာ။ ကျုပ်တို့ထဲက လေးယောက် မြှားထိပြီး အတုန်းအရုန်းလဲကုန်တယ်။ ဓါးတွေဆွဲထုတ်လိုက်ကြတုန်း ချက်ခြင်းဆိုသလို အသံတသံထွက်လာပြီး မြှားမိုးရွာနေတာ ရပ်သွားသဗျ။ အသံလာရာကို ကြည့်လိုက်တော့ ကျောက်စွန်းတဖက် ဆယ့်ငါးပေလောက်အမြင့်မှာ လူမျောက်ဖြူ ရပ်နေတာကိုတွေ့လိုက်ရတယ်။ တပ်မှူးလေးရှေ့ထွက်လာတော့ လူမျောက်ဖြူက အပေါ်ကနေဆင်းလာပါတယ် ။

“…..ဒါဟာ... အထင်အမြင်လွဲမှားမှုတွေပါ.. အဆွေ.. ကျုပ်တို့လာရင်းကိစ္စကတော့.. တောင်ဘက်အရပ်ကိုသွားဖို့.. အဆွေတို့နေရာ အထဲကနေဖြတ်သွားခွင့်ကို.. မေတ္တာရပ်ခံချင်တာပါပဲ…..”

ဆိုပြီးတပ်မှူးလေးက ချေချေငံငံတောင်းပန်တော့ လူမျောက်ဖြူက ဟန်ဘာသာစကားနဲ့ယဉ်ယဉ်
ကျေးကျေးပြန်ပြောသဗျ ။

“…ရပါတယ်..အဆွေ… အထဲကိုဝင်ခဲ့ပါ……”

တခြားလူရိုင်းမျိုးနွယ်စုခေါင်းဆောင်တွေက တပ်မှူးလေးကိုဆိုရင် အလွန်လေးစားသမှု ပြုကြပေမဲ့ လူမျောက်ဖြူကိုကြည့်ရတာ ခရီးသွားတယောက်ကို ဧည့်ခံနေတဲ့သူလို ခပ်အေးအေးပဲ။ အခုမှပဲကျုပ်တို့ သတင်းကြီးနေတဲ့ လူမျောက်ဖြူဆိုတာ အသေအချာမြင်ဖူးကြရတော့တယ်။ ဆံပင်ကို တောင်ပေါ်သားတွေထုံးသလိုထုံးပြီး ခြေဗလာနဲ့ လူမျောက်ဖြူဟာ သူရဲ့မျက်ခုံးဖြူဖြူ တွေကလွဲရင် အတော်ကို ခံ့ငြားပြီး ကြည့်ကောင်းတယ်လို့ ကျုပ်တော့ထင်မိတယ်။ ကျုပ်တို့အတွက် တံခါးကိုနည်းနည်းဟလိုက်ရင်း
ရင်းရင်းနှီးနှီးလေသံနဲ့ ရယ်မောလို့ တပ်မှူးလေးကို ရည်ရည်မွန်မွန်ပြောတယ် ။

“……ကဲဗျာ..အဆွေတို့ဝင်ကြပါ… ဒါပေမဲ့.. အဆွေ့နောက်လိုက်နောက်ပါတွေရဲ့.. လက်နက်ကိုတော့ ဒီမှာပဲအပ်ထားခဲ့ဖို့ ပြောပါ… ကျုပ်တို့ဆီက စည်းကမ်းဆိုပါတော့ဗျာ… အဆွေတို့မြင်တဲ့အတိုင်း.. ကျုပ်မှာ ဘာလက်နက်မှ ကိုင်ဆောင်မထားပါဘူး…..”

ကျုပ်တို့ တွေနေကြတော့ လူမျောက်ဖြူက တည်တည်ငြိမ်ငြိမ် ထပ်ပြောပြန်တယ် ။

“……မိတ်ဆွေတွေဖြစ်သွားကြမှပဲဗျာ.. အေးအေးဆေးဆေးနားပြီးမှ.. ခရီးဆက်ကြပါ… ခင်ဗျားတို့ ကျုပ်နယ်ကို တခါမှ မရောက်ဖူးသေးဘူး မဟုတ်လား…. ပျော်ကြမှာပါ…”

တပ်မှူးလေးက ကျုပ်တို့လက်နက်တွေကို အကုန်အပ်ခဲ့ဖို့ အမိန့်ပေးတယ် ။ လက်နက်တွေ သူ့လူတွေလက်ထဲရောက်ရော လူမျောက်ဖြူဟာ အင်မတန်ကျေနပ်သွားဟန်နဲ့ ပိုပြီး ဖော်ရွေလာတော့တယ်။ ဒဏ်ရာရသွားတဲ့ ကျုပ်တို့လူတွေကိုလည်း သူတို့ပဲ ထမ်းပိုးပြီး ခေါ်လာကြတယ် ။ လူမျောက်ဖြူရဲ့နေရာကိုတော့ ဘယ်လိုစာပန်းချီခြယ်ပြရမှန်းတောင် မသိပေါင်။ တောင်ထိပ်တွေဝန်းရံနေတဲ့ ကုန်းမြေမြင့်ကျယ်ကြီးထဲမှာ ဝင်းလက်မွှေးကြိုင်နေတဲ့ လိမ္မော်ပင်ရိပ်စိပ်စိပ်တွေ ၊ နေရောင်ထဲမှာစိမ်းမြနေတဲ့ တောင်ထန်းပုပင်တွေ ၊ စိမ်းနုသစ်နေတဲ့တောင်ယာခင်းတွေနဲ့ နတ်ဘုံနတ်နန်းတမျှ သာယာတယ်လို့သာ ပြောပါရစေ။ တသုန်သုန်တိုက်နေတဲ့ လေချိုအေးကလေးကိုက တံတိုင်းအပြင်လောကက အပူတွေကို
ဖြေဖျောက်ပေးလိုက်သလို လူတွေကချက်ခြင်းကို လန်းဆန်းအားပြည့်လာကြတော့တာ။ နေရောင်ဖြာကျနေတဲ့ ဒီတောင်ကြားလွင်ပြင်ထဲမှာ အသက်ဓါတ်ဖြည့်ပေးတဲ့ စွမ်းအင်တခုရှိနေသလိုပဲ။ ပန်းမန်တွေက ပိုအရောင်စုံသလို သစ်ပင်တွေက ပိုပြီးစိမ်းသစ်လို့ တခြားကမ္ဘာတခုကို ရောက်သွားသလား
ထင်ရတယ်။ ရွက်ခြောက်ရောင်စုံတွေဖုံးနေတဲ့ သစ်လုံးကွပ်ပျစ်တွေက ဟိုနားတခုဒီနားတခုနဲ့ ထိုင်ချင်စရာ။ မိန်းမတွေနဲ့ အပေါ်ပိုင်းတုံးလုံး ဝဝတုတ်တုတ်ကလေးတွေက နေရောင်နွေးနွေးထဲမှာ ရယ်မောမြူးထူးပြီး ကစားပျော်ရွှင်လို့ ၊ နှင်းလိုဆွတ်ဆွတ်ဖြူနေတာ တချို့ ၊ ဟဿင်္ပြဒါးလို့ရဲရဲနီနေတာတချို့နဲ့ ဧရာမကတ္တဝါကြီးတွေက ဟိုအပင် ဒီအပင်ကူးရင်း သာသာယာယာမြည်ကြွေးလို့။ တကယ်ပါဗျာ..
ဒီလောက်လှတဲ့ နေရာမှာ မကောင်းမှုဆိုတာ မရှိနိုင်ဘူးလို့တောင် ကျုပ်တွေးမိတယ် ။ တပ်မှူးလေးကတော့ စိတ်ရင်းအမှန်နဲ့ပဲ လူမျောက်ဖြူကို ချီးကျူးစကားဆိုတယ် ။

“…အဆွေရဲ့နယ်ဟာ.. အင်မတန်ကို သာယာလှပါပေတယ်… ကျုပ်တောင် အားကျမိပါတယ်…”

ဟက်ကနဲရယ်ရင်း လူမျောက်ဖြူက ချက်ခြင်းတုန့်ပြန်တယ် ။

“…ကျုပ်တို့ခံတပ်ကလဲ.. အင်မတန်လုံခြုံတယ်လို့ မထင်မိဘူးလား..အဆွေ…..”

ကျုပ်တို့ကို လူမျောက်ဖြူ နေတဲ့ သစ်လုံးတဲဆီကိုခေါ်သွားကြသဗျ ။ တဲကြီးကို အင်မတန်ကြီးတဲ့ သစ်အလုံးလိုက်ကြီးတွေနဲ့ ဆောက်ထားပြီး ကြမ်းပြင်ကတော့ သဘာဝအတိုင်း အကွက်တွေလှပစွာပေါ်နေတဲ့
ပျဉ်ချပ်ဧရာမကြီးတွေခင်းလို့ ။ အိမ်ထဲမှာတော့ ဘာပရိဘောဂရယ်လို့မှ မယ်မယ်ရရမရှိပါဘူး ။ လက်ရာခပ်ကြမ်းကြမ်း သစ်အလုံးလိုက် ခုံတန်းရှည်ကြီးတွေနဲ့ အလွန်ကြီးတဲ့ ကျွန်းပျဉ်တချပ်ကို သစ်လုံးတွေနဲ့ထောက်ထားတဲ့ စားပွဲလို့ခေါ်ရမဲ့ဟာကြီး တခုပဲတွေ့တယ် ။ အိမ်အပြင်ဘက်မှာတော့ ကျုပ်တို့လူစိမ်းတွေကို ကြည့်ဖို့လာတဲ့ လူအုပ်ကြီးကပျော်ရွှင်ဆူညံလို့။ သူတို့အထဲမှာ ကျုပ်တို့ ဟန်အမျိုးသမီးတွေကို တွေ့တော့မှ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးတွေရဲ့ ကြမ္မာကို နားလည်ရတော့တယ်။ ဒါနဲ့ပဲနေ့လည်
စောင်းလာတော့ ကျုပ်တို့ကို ယာဆန်ထမင်းရယ် ၊ အသီးအရွက်တွေကို ဝက်ကလီစာနဲ့ အမွှေးအကြိုင်နိုင်နိုင်ချက်ထားတဲ့ ဟင်းတမျိုးနဲ့ အလျှံအပယ်ကျွေးတယ်။ လူမျောက်ဖြူမှာ ဇနီးတွေအများကြီးပဲ။ သူ့မိန်းမတွေက ကျုပ်တို့ဟန်ထုံးစံအတိုင်း အတွင်းခန်းထဲမှာ
မနေကြဘဲ အိမ်ထဲမှာ လွတ်လွတ်လပ်လပ် သွားနေကြတာပါဘဲ။ ကျုပ်တို့ရှေ့ သွားလာလုပ်ကိုင်နေတဲ့ သူ့ဇနီးတွေထဲမှာ ဟန်မိန်းကလေးတွေပါတယ်။ ဒါကိုမြင်တော့ ကျုပ်တို့တပ်မှူးလေးခမြာ ထမင်းပွဲမှာ လူမျောက်ဖြူနဲ့ ရယ်မောပြောဆိုနေရပေမဲ့ အူနုကျွဲခတ်ဖြစ်ရှာတာကို ကျုပ်သတိထားမိ လိုက်တယ်။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now