တမေ့တမောကြီး လနဲ့ချီသွားရတဲ့ ရေလမ်းခရီးမှာပဲ ချန်နန်ဟာ အံ့သြစရာကောင်းလောက်အောင် အလျင်အမြန်နာလန်ထလာတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ရင်ကွဲနာဟာလည်း ချစ်သူအနားမှာ ရောက်လာတော့ ပိန်းကြာရွက်ပေါ်ရေမတင်သလို ပြေစင်အောင် လျှောကျခဲ့ပြီကိုး။ ဝမ်ချိုနဲ့ချန်နန်မှာ ရှေ့လျှောက်ဘယ်လိုနေထိုင်
စားသောက်သွားကြမလဲဆိုတာတွေလည်း ခေါင်းထဲမထည့်နိုင်ကြသေးဘူး ။ တယောက်အနားမှာတယောက်ရှိရင်ပဲ သူ့တို့ကမ္ဘာလေးဟာ ပြည့်စုံလှပြီ ။ အိမ်ကနေ ထွက်ပြေးလာတဲ့အတွက် ချန်နန် စိတ်မကောင်းဖြစ်မိရတာလေးတချက်ကတော့ သူ့မေမေအတွက်ပါဘဲ။ သူ့အဖေကိုရော ၊ ရှန်အိမ်တော်ကိစ္စကိုပါ ချန်နန်တို့က
ခေါင်းထဲမထည့်ကြပေမ့ဲ သမီးပျောက်ရှာနေမယ့် သူ့အမေအတွက်တော့ ဝမ်းနည်းအားနာကြတယ်။
ဒီလိုနဲ့ခရီးနှင်လာလိုက်ကြတာ နောက်ဆုံး ဇီချွမ်နယ်တနေရာက တောမြို့လေးတခုမှာ အခြေချဖို့ကြိုးစားကြတယ် ။ဝမ်ချိုက သူတို့နှစ်ယောက်ထမင်းနပ်မှန်ရုံတောင် မနည်း လစာလေးနဲ့ အလုပ်လေးတခုကိုရတယ်။ ဒါနဲ့ရတဲ့ဝင်ငွေလေးနဲ့ လုံလောက်အောင် နေကြတဲ့အခါမှာ မြို့ထဲကအခန်းတွေကို မတတ်နိုင်တော့ မြို့ပြင်ကို တမိုင်လောက်ထွက်ရတဲ့ ယာသမားအိမ်က အဖီကလေးကို ငှားပြီးနေကြရတယ်။ မြို့ထဲကိုအသွားအပြန်မိုင်နဲ့ချီပြီး ခြေတိုအောင်လျှောက်လို့ နဖူးကချွေး ခြေမပေါ်ကျတဲ့အထိ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ ဝမ်ချိုရဲ့ဘဝတခုလုံးမှာ တခါမှ ဒီလောက်စိတ်မချမ်းသာခဲ့ပါဘူး။ အရင်အိမ်တော်မှာ အခြွေအရံတွေတပုံကြီးနဲ့
နေလာခဲ့တဲ့ချန်နန်ကလည်း တနေကုန်ချက်ပြုတ်လျှော်ဖွပ်နေရပေမဲ့ အင်မတန်မှ ကျေနပ်ရောင့်ရဲနေတာပါပဲ။
သူတို့အခန်းကျဉ်လေးဟာ ခနော်နီခနော်နဲ့ ထိုင်ခုံလေးတလုံးရယ် ၊ စားပွဲအရွဲ့ ခြေတိုလေးရယ်၊ ဝါးကုတင်ကြမ်းပြဲကလေးရယ်နဲ့ပဲ တန်ဆာဆင်ထားပေမဲ့ သူတို့မောင်နှံအတွက်ကတော့ လောကနိဗ္ဗာန်ပါပဲ ။ ကံများကောင်းချင်တော့ သူတို့ကိုအခန်းဆွယ်လေး ငှားပေးတဲ့ ယာသမားလင်မယားက စိတ်ထားကောင်းကြပါတယ်။
ချန်နန်ကအားရင် သူတို့နဲ့ယာထဲ ဆင်းဆင်းကူနေတော့ သူတို့ကတပြန် အသီးအနှံတွေ ၊ သစ်သီးတွေ အလျှံအပယ်ယူစားစေတဲ့အခါ ချန်နန်နဲ့ဝမ်ချိုမှာ စားရေးသောက်ရေး ပူဖို့မလိုသလောက်ပါပဲ။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint