အပိုင်း (၄)
ရုတ်တရက်ပဲ အိမ်အတွင်းခန်းကနေ စူးစူးရှရှအော်လိုက်တဲ့ မိန်းကလေးအသံ တစ်သံထွက်လာရော တပ်မှူးလေး ဆတ်ကနဲဖြစ်သွားတော့တယ်။ ဒါသူ့ဇနီးအသံ ဆိုတာ ချက်ခြင်းမှတ်မိတာကိုး။ သခင်မလေးက ဝိုင်းဆွဲထားကြတဲ့ မိန်းမတွေလက်ထဲကနေ လွတ်ထွက်လာပြီး တပ်မှူးလေးဆီကို တန်းပြေးပြီး ရင်ခွင်ထဲတိုးဝင်လို့ငိုရှာတော့တယ်။ တပ်မှူးလေးက သခင်မလေးကို ပွေ့ဖက်နှစ်သိမ့်နေတုန်း လူမျောက်ဖြူက ခပ်အေးအေးပဲလှမ်းကြည့်နေသဗျ။ ဒီတော့ တပ်မှူးလေးက မထူးတော့တဲ့လေသံနဲ့ ပြောလိုက်တော့တယ်။ ကျုပ်တို့ကတော့ ရင်တမမနဲ့ပေါ့။
“အဆွေ…ဒါကျုပ်ရဲ့ဇနီးပဲဗျာ……”
လူမျောက်ဖြူကတော့ အခုမှသိဟန်ပြပြီး အံသြတဲ့ပုံနဲ့ဆိုတယ်။
“…ဟုတ်လားဗျ…ဒါဆိုရင်တော့..ဂွပဲဗျို့….”
“…ကျုပ်ဟာမိတ်ဆွေအနေနဲ့ ဒီကိုလာတာပါ… အဆွေ… ကျုပ်တို့မိတ်ဆွေတွေအဖြစ်နဲ့ပဲ ခွဲခွာချင်ပါတယ်…ကျုပ်ဇနီးကိုသာ ပြန်ခေါ်သွားခွင့်ပြုပါဗျာ…"
“…အင်း….ခက်တာပဲ… ကျုပ်က ကျုပ်သိမ်းပိုက်အရယူထားတဲ့အရာ မှန်သမျှကို.. ပြန်ပေးလေ့မရှိဘူးဗျ… အဆွေ့ဇနီးကို ပြန်လိုချင်တယ်ဆိုရင်တော့... ကျုပ်လက်ထဲကနေ အနိုင်ပြန်တိုက်ယူတဲ့နည်းတခုပဲရှိတယ်…. ဒီအတိုင်းတော့ လက်လွှတ်လို့မဖြစ်ဘူး… အဲဒါကံမကောင်းဘူးလို့ ကျုပ်တို့အယူရှိသဗျ…”
ပြောရင်းဆိုရင်းနဲ့ လူမျောက်ဖြူရဲ့မျက်နှာဟာ ကြောက်စရာကောင်းလောက်အောင် ခက်ထန်လာပြီး ခါးကြားကဓါးကို လှမ်းစမ်းတယ်။ ပါးစပ်က လှမ်းအမိန့်ပေးလိုက်ရော စားပွဲအနားမှာ စောင့်ကြပ်နေကြတဲ့ လူသန်ကြီးတွေက ဓါးကိုယ်စီချွင်ကနဲနေအောင် ဆွဲထုတ်ကြတယ်။ တပ်မှူးလေးကတော့ မတုန်မလှုပ်နဲ့ပဲ လူမျောက်ဖြူကို တည်တည်ငြိမ်ငြိမ် လှမ်းသတိပေးတယ်။ ဒီလူရိုင်းမျိုးနွယ်စုတွေ ကြားမှာ ဧည့်သည်နဲ့ပတ်သက်လာရင် တင်းတင်းကျပ်ကျပ်လိုက်နာကြတဲ့ ကျင့်ဝတ်ရှိတာကိုး ။“…ကျုပ်ဟာ.. အဆွေကိုယ်တိုင်ဖိတ်ခေါ်ခဲ့တဲ့.. အဆွေရဲ့အရိပ်အောက်က ဧည့်သည်ဆိုတာကို မမေ့ပါနဲ့……”
တပ်မှူးလေးရဲ့ ဒီစကားကြားတော့ လူမျောက်ဖြူက ဓါးကိုချက်ခြင်းလွှတ်ချလိုက်ပြီး တောင်းပန်စကားဆိုတယ် ။
“…စိတ်မရှိပါနဲ့..အဆွေ… ဒါပေမဲ့အဆွေဟာ ခင်ဗျားနယ်မှာ အကြီးအကဲဖြစ်သလို… ကျုပ်ဟာလဲ ဒ်ီနယ်မှာတော့ ဘုရင်တပါးပါပဲ…. အဲဒီတော့အဆွေ့ဇနီးကို.. ကျုပ်နယ်သားတွေရှေ့မှာ အတင်းအကြပ် ပြန်မယူဖို့သာ အကြံပေးချင်ပါတယ်.. ကျုပ်ရဲ့လက်အောက်ငယ်သားတွေက.. သည်းခံကြမှာမဟုတ်သလို ကျုပ်ကလဲ လက်မခံနိုင်ဘူးဗျာ… ဒါပေမဲ့.. အဆွေက ကျုပ်ဧည့်သည်ဖြစ်နေတော့.. ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရအောင်.. ခင်ဗျားရဲ့ လေးအတတ်က ဘယ်လိုနေလဲ…”
“…မဆိုးလှပါဘူး…”
တပ်မှူးလေးက ဝင့်ဝင့်ကြွားကြွားပြန်ဖြေတယ် ။ သူကကျုပ်တို့နယ်မှာတော့ အကောင်းဆုံးလေးသမားလို့ ခေါ်လို့ရတာကိုး ။
“…ဟန်ကျတာပဲ.. ဒါဆိုရင်.. မနက်ဖြန်ကျရင် ဒီပြဿနာကို ကျုပ်တို့ဓလေ့ထုံးတမ်းအတိုင်း… ဂုဏ်သိက္ခာရှိရှိဖြေရှင်းကြတာပေါ့…. အဲဒီအချိန်အထိတော့.. ဒီမိန်းကလေးဟာ ကျုပ်ပစ္စည်းပဲ……”
လူမျောက်ဖြူက ပြောပြီးရော တပ်မှူးလေးရင်ခွင်ထဲက သခင်မလေးကို ဖျတ်ကနဲ ဆွဲယူပြီးထွက်သွားရော။ လူမျောက်ဖြူရဲ့လက်ထဲကို တဆတ်ဆတ်တုန်ပြီး ဆုတ်ကန်ဆုတ်ကန်နဲ့ပါသွားရှာတဲ့ သူ့ဇနီးကို ကူကယ်ရာမဲ့လှမ်းကြည့်ရင်း ကျုပ်တို့တပ်မှူးလေးခမြာ လှမ်းအားပေးဖို့ကြိုးစားရှာတယ် ။
“…အကိုမင်းကိုရအောင်ပြန်ကြိုးစားမယ်.. အချစ်ရယ်..စိတ်မပူပါနဲ့… ဒီတညပဲသည်းခံလိုက်ပါ… အကိုမင်းကို ကတိပေးပါတယ်… မနက်ဖြန်ပြီးရင်.. တို့အိမ်ပြန်ကြမယ်…”
လူမျောက်ဖြူရဲ့ တခြားဇနီးတွေထွက်လာပြီး သခင်မလေးကို အထဲကိုဆွဲသွင်းတော့ ရုန်းကန်ငိုယိုနေတာကို ကျုပ်တို့မှာ ဒီအတိုင်းထိုင်ကြည့်နေရတယ်။ ရင်ထဲမှာ တပ်မှူးလေးအတွက် ခံပြင်းနားကြည်းကြလွန်းလို့ ဆတ်ဆတ်တုန်နေတယ် ။ ကျုပ်တို့တွေ အားလုံး အံတကြိတ်ကြိတ်ဖြစ်နေကြတုံး လူမျောက်ဖြူက သူ့ပယောဂမပါတဲ့အတိုင်းပဲ တည်ငြိမ်လို့ ။ ကျုပ်တို့လဲ ဒီလူရိုင်းတွေရဲ့ “တိုချင်”လို့ခေါ်တဲ့ သတို့သမီးခိုးခြင်းဓလေ့ကို သိတန်သလောက်တော့ သိကြပါတယ်။ လူမျောက်ဖြူက ပြန်ရှင်းပြမှ အတော်ပက်စက်တဲ့ဓလေ့ဆိုတာ နားလည်ရတော့တယ်။
“…ဒီလိုလေ..အဆွေရဲ့… ဒီမိန်းကလေးတွေ အားလုံးကို.. အကြီးအကဲဖြစ်တဲ့ ကျုပ်ကိုယ်တိုင်… ဒီကိုယူဆောင်ခဲ့တာဗျ…. တကယ်လို့ဒီမိန်းကလေးတွေက.. တနှစ်တိတိနေလို့မှ ကျုပ်ကို သားမမွေးပေးနိုင်ဘူးဆိုရင် ကျုပ်ရဲ့လူတွေထဲက တယောက်ကို ပေးလိုက်တာပဲ… ဒါကျုပ်တို့ဓလေ့ပဲဗျ…”
ပြီးတော့ လူမျောက်ဖြူကထပ်ပြောပြသေးတယ်။ သူတို့လူမျိုးနွယ်စုထဲက မိန်းကလေးတွေ အိမ်ထောင်ပြုချင်ရင်တော့ သူတို့ရဲ့ နှစ်စဉ်ကျင်းပတဲ့ လူပျိုအပျိုလှည့်ပွဲမှာ ကြိုက်တဲ့လူငယ်တယောက်ကို ရွေးပြီးရင် တောင်ပေါ်မှာသွားနေကြသတဲ့။ တနှစ်အတွင်း ကလေးမွေးလာရင်တော့ ကောင်လေးရဲ့ မိဘတွေကိုသွားတွေ့ပြီး သူတို့ဟာ လက်ထပ်ပြီးပြီဆိုတာကို အားလုံး အသိအမှတ်ပြုကြရတယ်။ တကယ်လို့ မိန်းကလေးသာ တနှစ်အတွင်း ကလေးမရှိဘူးဆိုရင်တော့ ဒီကိစ္စကပြီးသွားပြီး နောက်နှစ်သစ်ကပွဲမှာ မိန်းကလေးက သူသဘောကျတဲ့သူ နောက်တယောက်ကို ထပ်ရွေးရတယ်။ မိန်းကလေး ကိုယ်ဝန်မရှိမချင်း ဒီအတိုင်း တနှစ်ပြီးတနှစ်သွားနေတာဆိုပဲ။ လူမျောက်ဖြူက သိပ်ကိုတရားမျှတတဲ့ပုံနဲ့ ပြောသေးတယ်။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint