ကျူပ်ကတော့ သခင်ဆိုပေမဲ့ တူလိုသားလို ဖြစ်နေတဲ့ တပ်မှူးလေးအတွက် ဝမ်းနည်းလို့မဆုံးဘူး။ သူ့ခမြာ ဖိနပ်လေးကိုဆုပ်လို့ ခေါင်းငိုက်စိုက်ချပြီး တနေကုန် ထိုင်ငိုင်နေတော့တာ။ ကျွန်တွေအပြောအရဆိုရင် ညစာစားဖို့စားပွဲမှာတောင် ထိုင်ပြီးခါမှ အစားအသောက်တွေကို တွန်းဖယ်ပြီး ထထွက်သွားသတဲ့ ။ ကျုပ်တို့လည်း အဲဒီနေ့တစ်နေကုန် တပ်မှူးလေးကို စကားမပြောဝံ့ကြဘူး။ နောက်တနေ့ကျတော့ မနက်စာတောင်မစားသေးခင်မှာ ကျုပ်ကိုခေါ်ပြောတယ်။
“….ဦးကြီးလေ… ကျုပ်တော့.. ကျုပ်အမျိုးသမီးကို ထွက်ရှာဖို့ဆုံးဖြတ်လိုက်ပြီ.. စစ်ဆင်ရေးကိုတော့ ခဏဆိုင်းထားလိုက်ရမှာပဲ.. ဒီတော့ဦးကြီးလေက.. အတော်ဆုံးတပ်သား နှစ်ကျိပ်ကိုရွေးထုတ်ပြီး လိုသမျှရိက္ခာ၊ လက်နက်ကိရိယာမှန်သမျှ အသင့်ပြင်ထားပေးပါ… လုံလုံလောက်လောက်သာ လုပ်ပေတော့ဗျာ... ဒီတခါကျုပ်တို့တောနင်းရှာရင်.. တစ်လကြာရင်လည်း ကြာသွားနိုင်တယ်… သွားမဲ့သူထဲမှာ နယ်ခံဗိုလ်လေးဝမ်လည်း ပါပါစေ…”
ဆိုတော့ကျုပ်လဲသူမှာတဲ့အတိုင်း အတော်ဆုံးရဲမက်နှစ်ကျိပ်ကို ရွေးထုတ်ရတယ်။ သူတို့ထဲကတချို့ကတော့ ဟန်နိုင်ငံတခုလုံးမှာ လက်အဖြောင့်ဆုံးဆိုတဲ့ လေးသည်တော်တွေပေါ့။ ကျန်သူတွေက ဓါး၊ လှံတိုက်ရေးခိုက်ရေးမှာ အင်မတန်ညက်ကြသူတွေချည်း။ ရိက္ခာကတော့ သိပ်များများစားစားသယ်စရာမလိုလှပါဘူး။ တောထဲမှာ လိမ္မော်ရိုင်းလို စားကောင်းတဲ့အသီးတွေ ပေါများလှတဲ့အပြင် ကျုပ်တို့လူတွေက တော်ရုံတန်ရုံဆိုရင် ရောက်ရာအရပ်မှာ ပိန်းဥတူးပြီး ပြာပူအုံးလိုက်တာနဲ့တင် တစ်နပ်ပြီးတာပါပဲ။ ကျုပ်တို့တပ်မှူးလေးကိုယ်တိုင်ကိုက ဓါးရေးမှာ လက်ဖျားခါရတဲ့အပြင် ပေတရာလောက်က လိမ္မော်သီးလောက်ကတော့ မြှားနဲ့တင် ထက်ခြမ်းကွဲအောင်ပစ်နိုင်သဗျ။ အမှန်ဆိုရရင် ကျုပ်တို့နောက်လိုက်နောက်ပါတွေ ဒီလိုတောနင်းရှာရတာကိုတောင် ပျော်ကြပါတယ်။ တောင်တန်းတွေဆိုတာ ရင်သပ်ရှုမောမဆုံးပေါ့။ တောင်တန်းတွေကို တခုပြီးတခု ကျော်ဖြတ်လာခဲ့ပြီဆိုရင် လူသူမရောက်သေးတဲ့ သစ်တောအုပ်တွေ၊ ဧရာမရေတံခွန်ကြီးတွေ၊ နွယ်ရှင်တွေပြည့်နေတဲ့ တောအုပ်တွေ၊ ပေတစ်ရာအမြင့်အထိ ကြီးထွားနိုင်တဲ့ “မျက်ရညစ် ” ဝါးပင်မျိုးတွေ အစရှိတဲ့ ထူးထူးဆန်းဆန်းတွေကို မြင်ကြရတာကိုး။ အမဲလိုက်လို့ကလည်း ကောင်းပါ့ဗျာ။ ကျုပ်တို့သွားခဲ့ရာခရီးလမ်းမှာ လူကိုရော၊ သားရဲတိရစ္ဆာန်ရော ဘာမှကို ကြောက်စရာမလိုခဲ့ဘူး။ တွေ့ခဲ့သမျှ လူရိုင်းတွေဆိုရင် ကျုပ်တို့ကို သိနှင့်နေပြီးသား။ သူတို့က သူတို့ကိုသာမနှောင့်ယှက်ရင် ကမ္ဘာပေါ်မှာ ဧည့်ဝတ်အကျေဆုံးလူတွေထဲမှာပါတယ်။ ဒီတောင်ပေါ်သားလူရိုင်းအနွယ်ဝင်တွေက လက်စားချေဖို့အတွက် ဆိုရင်သာ လူတယောက်ရဲ့ကျောကို သွေးအေးအေးနဲ့ လှံထုတ်ချင်းပေါက်အောင်ထိုးဖို့ ဝန်မလေးကြပေမဲ့ ပုံမှန်တော့ သူတို့ဟာသူတို့ အမဲလိုက်၊ တောင်ယာလုပ်နဲ့ အေးအေးနေချင်ရှာတဲ့သူတွေ။ ကျုပ်တို့တွေကို ဧည့်ဝတ်ကျေပြွန်အောင် ပြုစုလိုက်ကြပေမယ့် လူမျောက်ဖြူရဲ့သတင်းကို ဘယ်သူမှတခွန်းတောင် မဟကြဘူးဗျာ။ ကျုပ်တို့တပ်မှူးလေးကတော့ လူမျောက်ဖြူဟာ လူရိုင်းမျိုးနွယ်စုတိုင်းရဲ့ အားကျအတုယူစရာ သူရဲကောင်းဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးသဗျ။
YOU ARE READING
ရသစုံလင် တရုတ်ဝတ္ထုတိုများ
Short StoryOriginal Writer : Ling Yutang Translated by Ma Hnin Pwint