အခန်း ၃

223 35 5
                                    

September 2008

ညအမှောင်၌ ဖယောင်းတိုင်မီးရောင်မှိန်မှိန်လေးက သူ့အင်သူ့အားအကုန်သုံး၍ ထွန်းလင်းပေးလေသည်။
နေ့အချိန်၌ နေမင်းသည် သူ့စွမ်းအားကိုအပြည့်သုံးပြီး တောက်ပသည် ။ ညအချိန်၌ လမင်းသည်လည်း သူ့စွမ်းအားကိုအပြည့်သုံးပြီး လင်းထိန်သည်။ပိုးစုန်းကြူးလေးများကလည်း သူစွမ်းသမျှဖြင့်လင်းလက်ပါသည်။သူတို့အားလုံးသည် သူ့နေရာနှင့်သူ အရေးပါအရောက်သည်။

နမ်းမဝအတွက်တော့ နိုင်မဝကပထမအရေးပါသောသူဖြစ်သည်။ဒုတိယကတော့ ဖွားလေးဖြစ်ပြီး...
တတိယနေရာမှာတော့ အဖေနဲ့အမေတို့နေရာရလေသည်။နိုင်မဝဘဝအတွက် နမ်းမဝရဲ့အရေးပါမှုဟာ
လိုအပ်လာလျှင် မီးညှိလိုက်ရုံနှင့်လင်းသော
ဖယောင်းတိုင်လေးသာဖြစ်ချင်ပါသည်။
"အာ့ ''

မနက်မိုးလင်းအရုဏ်တက်တာနှင့် စွင့်ကားပွင့်လန်းမည့် စံပယ်ဖူးလေးများကိုသီကုံးနေရင်း ဖယောင်းတိုင်ဆီအတွေးရောက်ကာ လက်ညှိုးထိပ်ကိုအပ်စိုက်မိလေသည်။စူးခနဲနာလို့အော်မည်ကြံမိပေမယ့် စာကျက်နေသောနိုင်နိုင်ကြားမည်စိုး၍ အသံမထွက်အောင်
ပါးစပ်ကိုလက်နှင့်ဖိပိတ်ရသည်။

"ဘာဖြစ်တာလဲ အငယ်။ အပ်စူးပြီလား...
အိပ်ငိုက်ရင်အိပ်လိုက်ပါလား အငယ်ရာ ။ ''

မကြားရအောင် ကိုယ့်အသံကိုအမီပိတ်လိုက်ပေမဲ့ နိုင်နိုင်ကကြားဖြစ်အောင်ကြား၍ နမ်းမဝသက်ပြင်းရှိုက်မိသည်။အပ်စူးတာကအရေးမဟုတ်။ နိုင်နိုင်က စံပယ်ဖူးတွေကိုဝိုင်းသီနေမှ ခက်တော့မည်။စံပယ်ဖူးတွေကိုဝိုင်းသီနေလျှင် နိုင်နိုင်စာကျက်ပျက်၍ စားမေးပွဲတွင်အမှတ်နည်းလိမ့်မည်။

"အပ်စူးတာမဟုတ်ပါဘူးဟာ။ အပ်စူးတယ်ထင်ပြီး
အော်မိတာ...ကဲကဲ စာဆက်ကျက်လေ ။ ''

"ပြဦး... အငယ့်လက်ကို ''

"ဘာမှမဖြစ်ဘူးဆို နိုင်နိုင်ကလည်း..''

ဘာမှမဖြစ်ဘူးဆိုတဲ့ပါးစပ်နှင့် လက်ညှိုးကအပ်စူးရာက ရှေ့နောက်မညီပေ။
မနက်စောစောနှင့်ညနေပိုင်းတွင် ရေလောင်းရသော အိမ်ရှေ့ရှိစံပယ်ရုံမှ ညရှစ်နာရီထိုးသောအခါ
မောင်နှစ်မနှစ်ယောက် နောက်တစ်နေ့မနက်ပွင့်မည်
စံပယ်ဖူးလေးများကိုရွေး၍ခူးကြရသည်။
ခူးစွတ်ပြီးသောစံပယ်ဖူးများအား
သီကုံးရသောအလုပ်ကို နမ်းမဝကတာဝန်ယူသည်။
ပွဲစားအလုပ်ကိုအယောင်ပြကာအိမ်ပြန်နောက်ကျသောအဖေ့ကို နိုင်မဝကစာကျက်ရင်းစောင့်ပြီး နမ်းမဝကပန်းသီရင်းစောင့်လေသည်။
အဖေပြန်မလာမချင်း ၊ ညဈေးအဝယ်ထွက်သောအမေကလည်းအိမ်မှာမရှိ၍ မောင်နှစ်မနှစ်ယောက်
ဖယောင်းတိုင်မီးကိုအားပြုပြီးနေရတော့သည်။
မနက်မိုးစင်စင်မလင်းခင်မှာတော့ နိုင်မဝက
စံပယ်ပန်းကုံးများကို ပန်းရောင်းသောဦးလေးချစ်ဆီပို့ပေးရပြီး ၊ ထိုအချိန်မှာ နမ်းမဝကထမင်းချိုင့်အတွက် ထမင်းနှင့်ဟင်းချက်ရင်း စာကျက်လေသည်။ တကယ်ဆိုလျှင် နမ်းမဝရဲ့စာကျက်ချိန်သည် နည်းပါးလွန်းပါသည်။ ကျောင်းဆင်းတာနှင့်အမေ့ကိုကူ၍ ဈေးထဲမှာဈေးရောင်းတဲ့အလုပ်ကိုလည်း နမ်းမဝလုပ်လိုက်သေးသည်။
ဤမျှ အလုပ်တွေဆက်တိုက်အောင်လုပ်နေတာကိုပင်၊ ''အငယ်ကစာကျက်ချိန် လုံလုံလောက်လောက်ရပြီးသားပါ နိုင်နိုင်ရာ'' လို့ ပြန်ပြောတတ်သည်။

အနက်ရှိုင်းဆုံး နဒီTempat cerita menjadi hidup. Temukan sekarang