အခန်း ၇

194 33 4
                                    

March 2014

"အငယ်ရေ... အငယ်ရေ ။ ''

နမ်းမဝသည် အလျင်အမြန်အိပ်ရာထဲမှထလိုက်ပြီး ခန်းဆီးလိုက်ကာကိုဆွဲဖွင့်ဖယ်ရသည်။ အိမ်ရှေ့ခန်းကိုအပြေးထွက်၍ တံခါးဂျက်ကိုဆွဲချလိုက်သည်။

"အေးလိုက်တာ အငယ်ရာ ။ ''

အိမ်ထဲသို့ ကိုယ်လုံးလေးကိုကျုံ့ကာဝင်လာသော
နိုင်မဝဆီမှကျောပိုးအိတ်ကိုဆွဲယူလိုက်ရသည်။
နိုင်မဝထံမှ နှင်းဆီရနံ့သင်းနေ၍ နမ်းမဝပြုံးမိသည်။

ဆေးကျောင်းတက်နေတာ သုံးနှစ်ပင်ရောက်နေပြီ ။
နမ်းမဝအကြိုက် ရေမွှေးကိုပဲစွတ်သည်။ ရေမွှေးကိုကြိုက်လို့သာဝယ်ချလာတာ ယောက်ျားလေးနှင့်မလိုက်ဖက်ခြင်းကို မတွေးမိပေ ။ နမ်းမဝရဲ့မတွေးမိသည့်အကျိုးဆက်ကို နိုင်မဝက သုံးနှစ်လုံးလုံးခါးစီးခံရှာသည် ။ ရေမွှေးကလည်းသုံးနှစ်ဆိုတော့
သက်တမ်းလည်းကုန်ပြီ ။ ရေမွှေးရည်လည်းကုန်သည်။အသစ်ကိုတော့ နိုင်နိုင့်အကြိုက်ပဲ သုံးပါစေတော့လေ။

"အငယ် တံခါးကိုမြန်မြန်ပြန်ပိတ်လေဟာ...လေဝင်တော့ပိုအေးတယ် ။ ''

နိုင်မဝရဲ့နှိုးဆော်မှုကြောင့် အတွေးရပ်ကာ တံခါးကိုအမြန်ပြန်ပိတ်လိုက်ရသည်။ နိုင်မဝမှာ စောင်တစ်ထည်ကိုယူကာ သူ့ခန္ဓာကိုယ်ပေါ်ပတ်ခြုံပြီး ကြမ်းခင်းတွင်ထိုင်သည်။

ဆောင်းတွင်းရာသီက ညနက်လေ အေးလေဆိုတော့... နိုင်မဝအေးနေသည်။ ရှပ်အင်္ကျီလက်တိုနှင့်
မနက်ကထွက်သွားမိခြင်းကို ညဘက်ပြန်လာမှ
နောင်တရတော့သည်။ နိုင်မဝတို့အိမ်က ရပ်ကွက်အစွန်ဆုံးမှာတည်ရှိနေတော့ ကွင်းပြင်မှတိုက်ခတ်လာသောလေကြောင့် အအေးပိုသည်။

"အငယ်က အိပ်တောင်အိပ်နေပြီလား ။ ''

"ဝတိံကိုချော့သိပ်ရင်း မှေးခနဲဖြစ်သွားတာပါ။''

"နောက်နေ့တွေဆို ကိုကိုစောစောပြန်လာရမယ်။
ညဘက်တွေ အငယ်နဲ့ညီလေး နှစ်ယောက်တည်းရှိတာကို စိတ်မချဘူး။ အိမ်က အိမ်နီးနားချင်းလည်းရှိတာမဟုတ်ဘူး ။ ''

နိုင်မဝအတွက် ဓာတ်ဘူးထဲမှရေနွေးပူပူကို ဖန်ခွက်ထဲငှဲ့ထည့်ရင်း နမ်းမဝကပြုံးသည်။ ညဈေးကိုအမေသွားဝယ်ပေးတဲ့အခါ ညဘက် အိမ်မှာ မိုးဝတိံနှင့်နမ်းမဝတို့နှစ်ယောက်တည်းကျန်သည်။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now