အပိုင်း-၃၃ (Unicode)

7.5K 1K 325
                                    


တက္ကသိုလ်လျှောက်လွှာစာရွက်ကြီးကို စားပွဲပေါ်ချ၊ ဘောပင်ကို ပါးစပ်မယ်ကိုက်ပြီး ထက်မာန်ဦးတွေးနေမိသည်။ လျှောက်လွှာစာအုပ်ကြီးကို ကြည့်လိုက်၊ ပေါင်ပေါ်က တက္ကသိုလ်လမ်းညွှန်စာအုပ်ကို ကြည့်လိုက်နှင့် ထက်မာန်ဦး ဗျာများနေလေသည်။ တကယ်တမ်းတော့ ထက်မာန်ဦးရဲ့ အမှတ်ပေါင်း သုံးရာကျော်လေးနှင့် စိစစ်ချလိုက်လျှင် ရွေးစရာတက္ကသိုလ်က များများစားစား မကျန်တောပါ။ အဲ့အခါကျတော့လည်း တက်ရမယ့်မေဂျာက ဘာတက်ရမလဲ ရွေးရပြန်သည်။

"ဒဂုံတက္ကသိုလ်က IRကို လျှောက်ရင်ကောင်းမလား။"

မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကိုတောင် ရှစ်တန်းတုန်းက အပုဒ်မှားဖြေခဲ့တဲ့ ထက်မာန်ဦး IRဆိုတဲ့ မေဂျာလျှောက်မယ်လို့ တွေးလိုက်မိရုံနှင့် ခေါင်းကတော့ နည်းနည်းကိုက်သွားလေသည်။ နိုင်ငံတကာဆက်ဆံရေးဘာသာ မဟုတ်ပါလား။ တော်ကြာနိုင်ငံတွေမှတ်ရတာနဲ့တင် ချာလပတ်လည်နေမှဒုက္ခ။

မှီရောမှီပါ့မလားမသိ။ မှီမှီ မမှီမှီ လျှောက်လွှာပေါ် အမှတ်များတဲ့ မေဂျာနာမည်လေးပါတော့ လူအထင်ကြီးတော့နည်းနည်း ခံရနိုင်တာပေါ့။

"ဟူး...။"

နောက်ဆုံးတော့ ပူထူလာတဲ့ခေါင်းကို ရှေ့ကစားပွဲနှင့်သာ ပြေးဆောင့်လိုက်မိတော့သည်။

လွှမ်းကတော့ ဂုဏ်ထူးသုံးဘာသာဘဲထွက်သည့်တိုင် ဂုဏ်ထူးမှတ်ရတဲ့ ဓာတု၊ ရူပ၊ ဇီဝ သုံးဘာသာလုံးက အမှတ် ၉၅မှတ်ကျော်နှင့် လန်ပြန်ထွက်နေတာမို့ အမှတ်ပေါင်းက ၅ဝဝနီးနီးမှာ။ တဆောင်လုံးမှာ လွှမ်းက အမှတ်အများဆုံးပင်။

အမှတ်အနေအထားက ကောင်းတာမို့ တက္ကသိုလ်ရွေးတဲ့နေရာမှာ လွှမ်းကတော့ ထက်မာန်ဦးလောက်ခေါင်းစားမည်မထင်။ ဘယ်တက္ကသိုလ်မဆို တက်ချင်ရာတက်ပစ်လိုက်လို့ရတယ်မဟုတ်လား။

ထက်မာန်ဦးမှာတော့ စာရွက်ပေါ်မယ် ကောက်ရေးလိုက်ဖို့ကို ဟိုစဉ်းစားရ ဒီချင့်ချိန်ရနှင့်။ မမှီမကမ်းတွေ စွတ်မှန်းနေရင်သောက်မြင်ကပ်ပုဒ်မနဲ့ ပယ်ချခံရလျှင်လည်း ပြသနာ။ အဝေးသင်တက္ကသိုလ်ကျပြန်တော့လည်း ထက်မာန်ဦး မတက်ချင်ပါ။ ဘာဘဲ ဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသားဘဝလေးကိုတော့ ခံစားချင်မိသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now