"ဟား။ရောက်လာပြီလား။"
ကားမှန်ပြတင်းကို ချလိုက်တော့ အိမ်ရှေ့ခြံဝထိ လာကြိုတဲ့ စိုင်းဝေယံရဲ့အသံကြီးကို အရင်ကြားလိုက်ရလေသည်။ အနွေးထည်အကျႌအထူကြီးနှင့် နားရွက်ထိ ပါလုံတဲ့ သိုးမွှေးဦးထုပ်ကြီး ဆောင်းထားတဲ့ စိုင်းဝေယံ ခြံဝမှာလူထွားထွားကြီးတစ်ယောက် ရပ်နေတဲ့အတိုင်းပင်။
"အေး။ခြံထဲ ကားဝင်လို့ရရဲ့လား။"
"ရတယ်။ ဝင်သွားပြီး ညာဘက်မှာကပ်ရပ်လိုက်။"
ထက်မာန်ဦးရဲ့ ကားလေးက သူ့ရဲ့ခြံထဲ ဝင်သွားတော့ သူကိုယ်တိုင်ပင် ခြံတံခါးကို ပြန်ပိတ်နေလေသည်။ ချိုင်းထောက်မပါဘဲ သွားလာနေပုံအရ သူ့ခြေထောက်အခြေအနေက တော်တော်လေးတိုးတက်ကောင်းမွန်လာပုံရလေသည်။အပြင်ကနေ ကြည့်တော့ စိုင်းဝေယံရဲ့ ခြံက ကျဉ်းတယ်ထင်ရပေမယ့် အထဲတွင်တော့ အတော်အတန်ကျယ်ဝန်းလေသည်။ မြို့ပြင်ဘက်လည်း နည်းနည်းကျတာမို့ တိတ်တိတ်ဆိတ်ဆိတ်ရှိမယ့်ပုံရှိသည်။ ထက်မာန်ဦးလည်း ကားကို လွတ်ရာနေရာမှာ ပါကင်ထိုးလိုက်ပြီး ကားပေါ်ကနေဆင်းလိုက်သည်။
ကားအတွင်းက အဲလ်ကွန်းက စိမ့်တယ်ဆိုတာ တောင်ကြီးရဲ့လေထုကို အဘယ်မှာ ယှဉ်ပြိုင် နိုင်ပါမည်နည်း။ အရိုးထဲထိ စိမ့်နေအောင်အေးသည်ဆိုတာ ဒါမျိုးကိုပင် ဆိုခြင်းဖြစ်သည်ဆိုတာ ထက်မာန်ဦး သဘောပေါက်လိုက်သည်။ မနတ်ခုနှစ်နာရီခွဲတော့မည် ဆိုပေမယ့် နေက အခုထိမပွင့်သေး။
ရန်ကုန်ကနေ တန်းလာတဲ့ ထက်မာန်ဦးမှာ အနွေးထည်ပင်ပါမလား။ ကားထဲမှာ အပိုသိမ်းထားတဲ့ ရုံးသုံးကုတ်အကျႌကြီးကိုသာ ဝတ်ထားရလေသည်။ ခြံတံခါး ပိတ်ပြီးလို့ ထက်မာန်ဦးနားကို ပြန်ရောက်လာတဲ့ စိုင်းဝေယံကတော့ ထက်မာန်ဦးရဲ့ အခြေအနေကို မသိဘဲ အဝတ်ထုတ်ကိုသာ လိုက်ရှာနေလေသည်။
"အထုတ်အပိုးတွေရောဘယ်မှာလဲ..။မင်း ဘယ်နားမှာထား..။"
တစ်ဖက်ကားတံခါးပေါက်ကနေ ထွက်လာတဲ့ လွှမ်းကို မြင်လိုက်ရချိန်မှာတော့ စိုင်းဝေယံသည် ပါးစပ်ကြီးအဟောင်းသား ဖြစ်သွားလေသည်။ တွေ့တွေ့လိုက်ချင်းတွင် အံ့သြသွားတဲ့ပုံပေါ်ပေမယ့် တအောင့်မျှအကြာတွင်တော့ စိုင်းဝေယံရဲ့နူတ်ခမ်းပါးတွေက တင်းတင်းစေ့လို့သွားလေပြီး လွှမ်းကိုသေချာကြည့်နေလေသည်။

CZYTASZ
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomansUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...