အပိုင်း-၅၀ (Unicode)

10.3K 1K 254
                                        


နူးညံ့အိစက်လွန်းတဲ့ ၀ါဂွမ်းစကြီးတွေထဲ တကိုယ်လုံး နစ်မြုပ်ဝင်နေသလိုလို နွေးထွေးလွန်းလှတဲ့ ငှက်မွှေးတောင်ပံကြီးတွေက လွှမ်းခြုံပေးထားသလိုလို တောင်ကြီးရဲ့အေးစိမ့်တဲ့ညတစ်ညရဲ့ ကယောက်ခြောက်ခြား အိပ်မက်တွေက လှပလွန်းနေသည်။ မနိုးထချင်ပေမယ့်လည်း ခေါင်းရင်းမှန်ပြတင်းပေါက်ဆီမှ နေခြည်က တိုးဝင်လာလေတော့ ကျိန်းစပ်လာတဲ့ မျက်လုံးတွေက သူ့အလိုလို ပွင့်လာတော့သည်။

"အင်း..."

ညည်းသံတိုးတိုးသဲ့သဲ့လေးက ရှေ့ပြေးအနေနှင့်ထွက်ပေါ်လို့လာသည်။ မျက်တောင်ဖျားလေးတွေက တရွရွ လူပ်ခတ်လာတာနှင့်အမျှ ထက်မာန်ဦးရှေ့က မြင်ကွင်းက တဖြည်းဖြည်း ပြတ်သားလာရသည်။ ပန်းရောင်နူတ်ခမ်းပြည့်ပြည့်လေးတွေနှင့် အောက်ကနေ မြင်နေရတဲ့ မေးရိုးထင်းထင်းတွေ။

ကြည့်ရင်း ကြည့်ရင်းနှင့် လွှမ်းမှန်း သိလိုက်ချိန်မှာတော့ ထက်မာန်ဦး ရဲ့ အလိုအလျောက်အာရုံကြောတွေက ချက်ချင်း ရုန်းကန်ရမည်ဟု အချက်ပေးသည်။ ဝုန်းခနဲ ထက်မာန်ဦး ထထိုင်လိုက်တော့ အအိပ်ဆတ်တဲ့ လွှမ်းကပါ နိုးလာလေတော့သည်။

"မာန်..ဘာဖြစ်တာလဲ။ အလန့်တကြား။"

မျက်လုံးနှစ်လုံးတောင် မပွင့်တတ်သေးတဲ့ လွှမ်းက အိပ်ချင်မူးတူးနှင့် ပြောလာကာမှ ထက်မာန်ဦး အားနာသွားမိသည်။ တကယ်ဆို လွှမ်းကိုတော့ နိုးအောင် မလုပ်လိုက်သင့်။ ဒါပေမယ့်လည်း အိပ်မက်ထဲက ၀ါဂွမ်းစကြီးက လွှမ်းရဲ့ ရင်ခွင်ဖြစ်နေပြီး ငှက်မွှေးတောင်ပံကြီးက လွှမ်းရဲ့ လက်မောင်းနှစ်ဖက်ဖြစ်နေတာကိုး။ ရုတ်တရက်ဆိုတော့ မလန့်ဘဲ နေမလား။

"ငါထတော့မယ်။နေမြင့်နေပြီ။"

ထက်မာန်ဦး ခပ်မြန်မြန်ဘဲ ခြင်ထောင်ထဲကနေ ထွက်ဖို့ ပြင်သည်။ ထက်မာန်ဦး ထွက်တော့ လွှမ်းကပါ မနေဘဲ လှဲနေရာကနေ လိုက်ထလာသည်။

"မင်းအိပ်ချင်အိပ်ဦးလေ။"

ခြင်ထောင်ထဲကနေ အပြင်လိုက်ထွက်လာတဲ့ လွှမ်းမျက်နှာက အိပ်ရေးမဝ ဖြစ်နေတဲ့ ပုံစံဖြစ်နေတာမို့ ထက်မာန်ဦး ပြောလိုက်မိသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Место, где живут истории. Откройте их для себя