နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han ShinCHAPTER (5) ကြားလူ
ကျန်းယွီရုံသည် ဟာသ လုပ်ခဲလှသည်၊ သို့သော် ယခု လီယုံ၏ ကိုယ်အောက်သို့ သူမ ရောက်နေချိန်တွင် သူမ အမှန်တကယ်ကို အနည်းငယ် စိတ်ပါလာမိသည်။
ဟွမ်ရှင်း အိမ်မှာ မရှိခဲ့သည့် အတိတ်က မရေတွက်နိုင်သော ညများတွင် သူမသည် တစ်စုံတစ်ယောက် ပေါ်လာပြီး သူမနှလုံးသားအား သိမ်းပိုက်၍ သူမအား အုပ်မိုးလာသည်ဟု သူမ စိတ်ကူးယဉ်ခဲ့မိသည်။ ထိုနေ့က နောက်ဆုံးတော့ ရောက်လာလေပြီ။
သူမ အရဲစွန့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တကယ်တမ်းတွင် ဟွမ်ရှင်းသည် အပြင်ဘက် အခြားအမျိုးသမီးများနှင့် အမြဲ ဖောက်ပြန်လေ့ရှိပြီး သူမ သူ့အပေါ် ဖောက်ပြားမည်ကိုလည်း လုံးဝဂရုမစိုက်ချေ။
ထိုသို့တွေးမိပြီးနောက် သူမသည် မျက်လုံးကို မှိတ်၍ နောက်ဖြစ်လာမည့် အထိန်းအကွပ်မဲ့သော အရာကိုသာ စောင့်မျှော်နေလိုက်သည်။
အရိုးသားဆုံး ဝန်ခံရမည်ဆိုလျင် ကျန်းယွီရုံ၏ အပေါ်တွင် ရှိနေစဉ်၌ လီယုံသည် အမှန်တကယ် တက်ကြွလာသည်၊ သို့သော် ထိုသို့မပြုမူသင့်ကြောင်း သူ တွေးလိုက်မိသည်။ သူတို့ အမြဲ စနောက်လေ့ရှိသော်လည်း စည်းကျော်သည့် အပြုအမူများ ပြုလုပ်ခြင်း မရှိပေ။
သို့သော် ယခုအချိန်၌ ကျန်းယွီရုံ၏ အပြုအမူကို ကြည့်ပြီး သူမ၏ ခံစားချက်ကို မရိပ်မိပါက သူ ရူးနေလို့သာ ဖြစ်မည်။
လီယုံ ချီတုံချတုံ မဖြစ်ဘဲ မနေနိုင်ချေ။ အကယ်၍ သူသာ သူမနှင့် အိပ်လိုက်ပါက သူ ကျေနပ်အားရသွားလိမ့်မည် ဖြစ်သော်လည်း ကျန်းယွီရုံက လက်ထပ်ထားပြီးသားသူ ဖြစ်နေသည်၊ ထိုသို့ဆိုလျင် သူက ဘာဖြစ်သွားမည်နည်း။
ကြားလူတစ်ယောက်။ အရှက်မရှိသည့် လူတစ်ယောက်။
လီယုံ ခေါင်းကို ပြင်းစွာခါလိုက်သည်။ သူ မည်မျှ နှာဘူးကျတတ်ပါစေ ဤသို့ ရှက်စရာကောင်းသော အရာကို ဘယ်သောအခါမှ ကျူးလွန်မည် မဟုတ်ပါ။
သူ ချက်ချင်း အသိစိတ်ဝင်လာပြီး ကျန်းယွီရုံ၏ ကိုယ်ပေါ်မှ ဖယ်ခွာကာ ဟန်လုပ်ပြုံးပြုံး၍ ပြောလိုက်သည်။
"မစ္စကျန်း ကျုပ် ခင်ဗျားအပေါ် ခြိမ်းခြောက်သလို လုပ်နိုင်လာပြီပဲ"
"ဒါနဲ့ စကားမစပ် ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးလို့၊ မနက်ဖြန်မှ အိမ်ငှားခ လာပေးမယ်လေ"
သူ ကပျာကယာ ပြော၍ ခပ်သုတ်သုတ် ထွက်သွားသည်။
"ရှောင်ယုံ နင် ..."
ကျန်းယွီရုံသည် စိတ်ကို အဆင်သင့်ပြင်ထားခဲ့သော်လည်း လီယုံက နောက်ဆုတ်၍ ထွက်ခွာ သွားလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပါ။
"ငါက အပျိုမဟုတ်တော့လို့ သူ သဘောမကျတာလား"
ထိုသို့တွေးမိပြီး ကျန်းယွီရုံ မငိုဘဲ မနေနိုင်တော့ချေ။
လီယုံသည် သူ့အခန်းသို့ ခပ်သွက်သွက် ပြန်ရောက်မှသာ အသက်ပြင်းပြင်းရှူမိသည်။ ခုနက အဖြစ်ကား တကယ့်ကို နီးစပ်လွန်းလှသည်။ သူ စိတ်မထိန်းနိုင်လုနီးပါး ဖြစ်ကာ နောင်တရစရာ တစ်ခုခုကို လုပ်မိတော့မလို ဖြစ်ခဲ့သည်။
ကျန်းယွီရုံက အလွန် ညှို့အားပြင်းလှသည်ကိုတော့ ဝန်ခံရပေမည်။
သူ စိတ်ကစားမှုထဲ မွေ့လျော်ချင်ချင်ဖြစ်ကာ မဖြစ်သင့်တာကို ပြုလုပ်မိတော့မလို ဖြစ်ခဲ့သည်။ သို့သော် ကျန်းယွီရုံ၌ ယောကျ်ားရှိသည်ကို တွေးလိုက်မိသည်နှင့် ထိုအတွေးရိုင်းအား သူ ရပ်တန့်ပစ်ခဲ့သည်။ သည်လောက်ရှက်စရာကောင်းသော အရာကို သူ မကျူးလွန်နိုင်ပါ။
သူ စိတ်အာရုံ စုစည်းမိအောင် ကြိုးစားသော်လည်း သူ့စိတ်က လွတ်လွတ်ထွက်သွားသည်။ သူ စိတ်လွင့်နေသည်ကို ရပ်တန့်ရန် လီယုံသည် စိတ်ကို ငြိမ်ငြိမ်ထား၍ မနောကျင့်စဉ်ကို ကျင့်ကြံလေတော့သည်။
သူ မြန်နိုင်သမျှ မြန်မြန် အိမ်ပြောင်းရန်လည်း ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်ပါက သူသာ ကျန်းယွီရုံနှင့် ပို၍ အချိန်ဖြုန်းမိပါက တစ်ခုခုတော့ သေချာပေါက် ဖြစ်လာပေလိမ့်မည်။
မွန်းလွဲပိုင်းသို့ ရောက်မှသာ လီယုံ သူ့တိုက်ခန်းထဲမှ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည်။ သူ ကျန်းယွီရုံနှင့် မျက်နှာချင်းဆိုင်မိမှာကို စိုးရိမ်နေသည်။
သူ မြေညီထပ်သို့ ရောက်ပြီးမှ ကားငှား၍ အင်တာနက်ဆိုင်သို့ သွားလိုက်သည်။ ယခု သူ့တွင် ပိုက်ဆံ အလုံအလောက် ရှိနေပြီ ဖြစ်သဖြင့် သူသည် ကိုယ်ပိုင်ဆေးခန်းကို ဖွင့်မှဖြစ်မည်။ သူသည် ရည်မှန်းချက် ကြီးမားသူ ဖြစ်ပြီး ပိုက်ဆံ နှစ်သန်းလောက်နှင့် တင်းတိမ်နိုင်မည့်သူ မဟုတ်ပေ။
သူ အင်တာနက်၌ အချိန်အတော်ကြာ ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် သင့်တော်သော နေရာတစ်ခုကို ရှာတွေ့သွားသည်။ ထိုနေရာသည် စက်မှုဇုန်ဝန်းကျင်နား၌ တည်ရှိပြီး ဆေးပစ္စည်းများလည်း အဆင်သင့် ရှိသည်။ ငှားရမ်းခကလည်း ဈေးချိုလွန်းပြီး ယွမ် ရှစ်သောင်းသာ ကျသင့်မည် ဖြစ်သည်။
အချက်အလက်အားလုံးက ကျေနပ်ဖွယ်ကောင်းသည်။ ပို၍ အရေးကြီးသည်က ထိုနေရာ၌ အမျိုးသမီး ဝန်ထမ်း တော်တော်များများရှိသောကြောင့်ပင်၊ လီယုံ စက်မှုဇုန်နယ်မြေသို့ သွားခဲ့ဖူးသည်။ နေ့တိုင်း အလုပ်ချိန် ကုန်သည်နှင့် သူတို့ အလုပ်ဆင်းလာကြသည်။ သည်လောက် များပြားသည့် အလှပဂေးလေးများကို တစ်ချိန်တည်းနှင့် မြင်တွေ့ခွင့်ရသည်က မည်မျှ ကြည်နူးဖွယ် ကောင်းလိုက်သနည်း။
သူ ချက်ချင်း ဆိုင်ပိုင်ရှင်ကို ဆက်သွယ်၍ ချိန်းဆိုမှု ပြုလိုက်ပြီးမှ အင်တာနက်ဆိုင်မှ ထွက်လာခဲ့သည်။
ဆိုင်ပိုင်ရှင်သည် ပိန်ပါးပါးနှင့် အသားညိုသော လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက် ဖြစ်သည်။ သူသည် လီယုံထံမှ အဆက်အသွယ်ရ၍ အလွန် စိတ်လှုပ်ရှားနေသည်။ သူတို့ စာချုပ်တွင် ခပ်မြန်မြန် လက်မှတ်ထိုးလိုက်ပြီး ဆိုင်ရှင်က လီယုံကို သော့အပ်၍ ထွက်သွားသည်။
ဆိုင်ရှင်က ဆိုင်ကို အလောတကြီး အပ်သွားသည်ကို ကြည့်ပြီး လီယုံ အနည်းငယ် စိုးရိမ်စိတ် ဝင်သွားသည်။
*ဟမ်၊ ဒီဆိုင်ထဲမှာ မသင်္ကာစရာ တစ်ခုခု ရှိနေလို့လား*
သူ ဆိုင်ထဲ သေချာလှည့်ပတ် ကြည့်ပြီး မသင်္ကာစရာ တစ်ခုမှမရှိတာ သေချာတော့မှ သူ အသက်ရှူချောင်တော့သည်။ ထို့နောက် သူ သန့်ရှင်းရေး စလုပ်တော့၏။
ဆိုင်တွင် အထပ်နှစ်ထပ်ပါပြီး အခန်းလေးခန်း ပါရှိသည်။ မြေညီထပ်အား ဆေးခန်း ရှေ့မျက်နှာစာအဖြစ် သတ်မှတ်ကာ ဆေးဘီရိုများနှင့် စားပွဲများ နေရာချလိုက်သည်။ အပေါ်ထပ်မှ တစ်ခန်းအား လူနာများ ဆေးချိတ်ရန်အတွက် ထားပြီး ကျန်တစ်ခန်းကို သူ၏ အိပ်ခန်းအဖြစ် ထားလိုက်သည်။
နေရာကို ရှင်းလင်းပြီးနောက် လီယုံသည် သူ့ပစ္စည်းများ ယူရန် သူ့တိုက်ခန်းသို့ ပြန်သွားလိုက်သည်။ သို့သော် ထိုအခါတွင် သူ ကျန်းယွီရုံနှင့် ရင်ဆိုင်ရဦးမည်။ သူ နည်းနည်းတော့ ကသိကအောက် ဖြစ်သလို ခံစားမိသည်။
"ဘုရားရေ နင် သိပ်အပြေးမြန်တာပဲ။ ငါ တော်တော် မောသွားတာပဲ"
လီယုံတစ်ယောက် ဘာဆက်လုပ်ရမလဲဆိုတာကို တွေးတောနေစဉ် ချိုသာသော အသံနှင့်အတူ တံခါးပွင့်လာသည်။
သူ ခေါင်းမော့ကြည့်လိုက်သောအခါ ဟန်ဖေး ဝင်လာသည်ကို တွေ့လိုက်ရတော့သည်။
ယခုအချိန်တွင် ဟန်ဖေးက သူမ၏ ရှည်လျား၍ သေးသွယ်သော ခြေတံများကို ဖုံးကွယ်ထားသည့် အပြာဖျော့ဖျော့ ဂျင်းဘောင်းဘီနှင့် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသဖြင့် အမြင်ဆန်းနေသည်။ သူမသည် ဖြူစင်၍ ချစ်စရာ ကောင်းလှ၏။
လီယုံ အာရုံပျက်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်း ဘယ်လိုလုပ် ငါ့ကို ရှာတွေ့တာလဲ"
"ရှင် ပြောကြည့်လေ။ ကျွန်မက ကျွန်မအစ်မဆီကနေ ရှင့်လိပ်စာကို တောင်းခဲ့တာ၊ ဒါပေမယ့် အဲ့ကိုလည်း ရောက်ရော ရှင် ထွက်သွားတယ်လို့ သိလိုက်ရတယ်။ အဲ့ဒါနဲ့ ကျွန်မ သူငယ်ချင်း ယာဉ်ထိန်းရဲကို အကူအညီတောင်းပြီးတော့မှပဲ ရှင် ဒီမှာ ရှိနေမှန်း သိလိုက်ရတော့တယ်"
ဟန်ဖေး စတင်၍ ပေါက်ပေါက်ဖောက်လေတော့သည်။ ထိုသို့ပြောနေစဉ် သူမသည် ငုံ့ကိုင်း၍ သူမခြေထောက်များကို နှိပ်နယ်နေသည်။ သူမ လီယုံကို လိုက်ရှာနေရသဖြင့် တကယ် ပင်ပန်းနေပုံ ရသည်။
သို့သော် သူမ သတိမထားမိသည်က သူမ ငုံ့လိုက်သောအခါတွင် ကြယ်သီးမတပ်ထားမိသော သူမအင်္ကျီကော်လာက လီယုံနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်ကိုပင်။ သူမ၏ လှပသော ရင်နှစ်မြွှာက လီယုံအတွက် အလွန် ဖြားယောင်းနိုင်သောကြောင့် လီယုံ ဆက်တိုက် တံတွေးမျိုချနေရပြီး ဟန်ဖေး၏ တစ်ကိုယ်လုံးကို မြင်ရရန် သူ၏ ဒိဗ္ဗစက္ခု အာရုံကို သုံးချင်စိတ် တိုးလာသည်။
ထိုသို့ အတွေးဝင်လာပြီးနောက် လီယုံသည် ခေါင်းခါ၍ ထိုအတွေးကို မေ့ဖျောက်လိုက်သည်။ ဒိဗ္ဗစက္ခု အမြင်အာရုံ၏ အရည်အသွေးသည် လက်ဆောင်ဖြစ်သော်ငြားလည်း ထိုကဲ့သို့ ရှက်ဖွယ်ကောင်းသော အရာများ၌ ထိုအရည်အသွေးများကို သူ အသုံးပြုလိုက်ပါက အပေါစားဆန်သွားပေလိမ့်မည်။
ဟန်ဖေး၏ ညည်းတွားမှုတွေကို နားထောင်ပြီး လီယုံ ဆွံ့အသွားရသည်။ သူမသည်သာ သူ့ကို အသည်းအသန် လိုက်ရှာနေသည့် သူဖြစ်သည်။ ထိုသို့လုပ်ပါဟု သူမကိုလည်း သူ မတောင်းဆိုခဲ့ချေ။ ဘာလို့ အခုမှ သူမက သူ့ကို လာ၍ ဗျစ်တောက်ဗျစ်တောက် ပြောနေရသနည်း။
သူ တကယ်တွေးနေသည်များကို သူမကို မပြောတော့ဘဲ ဆေးဗီရိုကို မှီ၍ မေးလိုက်သည်။
"ပြောပါဦး၊ မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"
"သေချာပေါက် ကောင်းတဲ့ကိစ္စပဲပေါ့"
ဟန်ဖေးက စိတ်လှုပ်ရှားလာပြီး ရုတ်တရက် လီယုံထက် ပြေးဝင်လာပြီး အလောတကြီး မေးလိုက်သည်။
"လူချောလေး ရှင် ကျွန်မအစ်မနဲ့ အလုပ်လုပ်နေတာလား"
"ဟုတ်တယ်"
လီယုံက သူမကို ဖုံးကွယ်ထားရန် မလိုအပ်သဖြင့် ဝန်ခံလိုက်သည်။
"ဘုရားရေ ရှင် ရူးနေတာလား"
ထိုသို့ပြောပြီး ဟန်ဖေးက သူ့အား အထင်သေးသော မျက်နှာထားဖြင့် စိုက်ကြည့်လာသည်။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။
"စဉ်းစားကြည့်စမ်းပါ၊ ရှင့်ဆေးညွှန်းက ဒီလောက် အစွမ်းထက်တာ ဒါပေမယ့် ကျွန်မအစ်မက ပိုက်ဆံ နှစ်သန်းနဲ့ အမြတ် ဆယ်ရာခိုင်နှုန်းပဲ ပြန်ပေးတာလေ။ အဲ့ဒါ ရှင့်အတွက် အရှုံးကြီးရှုံးမနေဘူးလား"
*မိန်းမလှလေး၊ ငါတို့ ပြောနေတာ နှစ်သန်းနော်။ နှစ်ရာ မဟုတ်ဘူးဟ*
လီယုံက သူမကို ထိုသို့ပြောချင်သော်လည်း မပြောလိုက်ပေ။ ဟန်ဖေးက ထိုသို့ပြောနေမှတော့ သည့်ထက် ပြောချင်နေတာတွေ ရှိပေလိမ့်မည်။ သူက တဲ့တို့သမားမို့ ပြောလိုက်သည်။
"ငါ့ကို ပူညံပူညံ လုပ်မနေနဲ့။ လိုရင်းသာ ပြောပါ"
ဟန်ဖေး အံ့ဩသွားရသည်။ သူမ ဒီကို လာစဉ်လမ်းတစ်လျှောက် အတော်လေး ပြင်ဆင်လာသော်လည်း လီယုံက ဤသို့ ပြုမူနေသည်။ သူမ စိတ်ပျက်သွားသော ခံစားချက်မျိုး ဝင်လာသော်လည်း လက်ဖျောက်တီး၍ ပြောလိုက်သည်။
"ရှင့်ရဲ့ ခပ်ပြတ်ပြတ် အပြောကို ကျွန်မ သဘောကျတယ်။ ရှင်းရှင်းပြောရရင် ကျွန်မ ရှင်နဲ့ အပေးအယူ လုပ်ဖို့လာတာ"
လီယုံ ပြောစရာ စကားမရှိတော့ချေ။ သည်မိန်းကလေး နှစ်ယောက်လုံး စီးပွားရေးလုပ်ငန်းရှင် မိသားစုမှ မွေးဖွားလာသည်ကို အံ့ဩစရာ မရှိပေ။ သူတို့နှစ်ယောက်လုံး ဘယ်လိုလုပ်ရင် ပိုက်ဆံပိုရမလဲဆိုတာကို တွေးနိုင်ကြသည်။
သို့သော်လည်း ဟန်ဖေး သူ့ကို ဘာတွေ ကမ်းလှမ်းမည်လဲဆိုတာကို သူ စိတ်ဝင်စားသည်၊ ထို့ကြောင့် သူ ပြုံး၍ မေးလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း မင်း ငါ့ကို ဘယ်လောက်ပြန်ပေးမှာလဲ"
"တစ်ပြားမှကို မပေးဘူး"
ဟန်ဖေးက ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။ သူမသည် အနီးအနား၌ ပြန်ထိုင်လိုက်ပြီး သေချာ အလေးအနက် ပြောလိုက်သည်။
"ကျွန်မ ပြောသလို ရှင် လုပ်မယ်ဆိုရင် ရှင် ကျွန်မအစ်မဆီက ရတာထက် မနည်းစေရဘူးလို့ ကျွန်မ အာမခံတယ်"
ဟန်ဖေးသည် အလွန် ယုံကြည်ချက် ရှိပုံရသည်။ ထို့နောက် သူမ၏ အစီအစဉ်ကို ဆက်တိုက်ပြောပြလာသည်။
သို့သော် လီယုံသည် သူမအစီအစဉ်ကို စိတ်မဝင်စားချေ။ သူမ၏ လုပ်ငန်းအစီအစဉ်အရ သူတို့နှစ်ယောက် အတူတွဲ၍ ကုမ္ပဏီထောင်မည်။ လီယုံက ဆေးညွှန်းကို ပံ့ပိုးပေးပြီး ဟန်ဖေးက ထုတ်လုပ်ခြင်းနှင့် အရောင်းကို တာဝန်ယူမည် ဖြစ်သည်။ ထို့နောက် သူတို့ အမြတ်ကို ငါးဆယ်၊ ငါးဆယ် ခွဲယူကြမည်။
လုပ်ငန်းစစခြင်း သူ့တွင် ပိုက်ဆံရှိမည် မဟုတ်သော်လည်း ထုတ်ကုန်များ ကောင်းကောင်း ရောင်းရသည်နှင့် အမြတ်က ရေရှည်တွင် နှစ်သန်းနှင့်အထက်ကို ရောက်သွားမည် ဖြစ်သည်။
ဟန်ဖေးသည် သူမ ပြောသမျှအား သူ စိတ်ဝင်စားလာပုံရသည်ကို သတိထားမိသဖြင့် မေးလိုက်သည်။
"ရှင် ဘယ်လို သဘောရလဲ။ ကျွန်မ အစ်မရဲ့ ကမ်းလှမ်းမှုထက် မဆိုးဘူးမလား။ ရှင်သာ လုပ်ချင်စိတ် ရှိသရွေ့ ပစ္စည်းက ဈေးကွက်ထဲမှာ နာမည်ရလာလိမ့်မယ်ဆိုတာကို ကျွန်မ သေချာပေါက် ပြောရဲတယ်"
လီယုံ တကယ် စိတ်ဝင်စားမိသွားသည်။ ဟန်ဖေး မိသားစုမှ အထောက်အပံ့နှင့်ဆိုလျင် ရောင်းအားက ပြဿနာ မဟုတ်ချေ။ အဓိကက သူ၏ ဆေးညွှန်းပင် ဖြစ်သည်။
သို့သော် ထိုအတွက်လည်း သူ စိတ်ပူမစရာမလိုပေ။ အကယ်၍ ဆေးညွှန်းက မကောင်းမွန်ပါက သူ့ကို သည်လောက် ပိုက်ဆံများများနှင့် ကမ်းလှမ်းသည့် ဟန်လူလည်း ပျော်နိုင်မည် မဟုတ်ပါ။
"ငါ အဲ့အစီအစဉ်နဲ့ အဆင်ပြေပင်မယ့် အမြတ်ခွဲဝေတာကိုတော့ မကြိုက်ဘူး။ ငါ ခုနစ်ဆယ် ရာခိုင်နှုန်း ယူမယ်"
လီယုံက သူမကို လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ လက်ရှိတွင် အကြီးဆုံးပြဿနာက သေချာပေါက် အမြတ်ခွဲဝေမှုပင်။
"ဟေး ရှင် ဒီလောက် လောဘမကြီးနဲ့လေ။ ကျွန်မက ထုတ်လုပ်မှုကော အရောင်းကိုပါ အာရုံစိုက်ရဦးမှာ၊ ရှင်ကတော့ ဘာမှလုပ်စရာမလိုဘဲ အမြတ်ကို ထိုင်စားနေရုံပဲလေ။ အခု ရှင်က အမြတ်ကို ခုနစ်ဆယ် ရာခိုင်နှုန်းတောင် တောင်းနေပြီ။ များလွန်းတယ်နော်"
ဟန်ဖေးက ချက်ချင်း စိတ်ပျက်ကာ ပူညံပူညံ ထပ်လုပ်လာသည်။
"ငါ့ဆေးညွှန်းသာ မရှိဘူးဆိုရင် မင်း ကုမ္ပဏီတောင် မဖွင့်နိုင်ဘူး၊ အဲ့ဒီတော့ မင်း ငါ့ကို ပူညံပူညံ လုပ်နေတာတွေ တော်လိုက်တော့"
လီယုံက ပြုံး၍ ပြောလိုက်သည်။
သူမအကြံကို သူ ရိပ်စားမိသွားသည်ကို သိသော်လည်း ဟန်ဖေးသည် လုံးဝ ရှက်သွားပုံမပေါ်ဘဲ သူမက ပြန်ပြောလာသည်။
"ပြီးရော ရှင့်အတွက် အများဆုံး ခြောက်ဆယ်ရာခိုင်နှုန်းပဲ။ ရှင် ဒီ့ထပ်ပိုတောင်းနေမယ်ဆိုရင် ကျွန်မ တောင်းစားနေရတော့မယ်"
"ဒါဆိုလည်း သွားတောင်းစားလိုက်ပေါ့"
လီယုံက ရယ်မော၍ ပြောကာ ထွက်သွားရန် ပြင်လိုက်သည်။
ဟန်ဖေး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားရသည်။ လီယုံ ပြောတာ မှန်လှသည်။ ဆေးညွှန်းသည်သာ ကုမ္ပဏီ၏ ပင်မထောက်တိုင် ဖြစ်သည်။ အကယ်၍ လီယုံသာ သဘောမတူပါက သူမ လုပ်သမျှအားလုံး အချည်းနှီးပင်။
သို့သော် လီယုံ၏ အမူအရာကို အကဲခတ်မိပြီးနောက် သူ တောင်းဆိုတာကို သူမ သဘောမတူပါက အပေးအယူ လုံးဝ ပျက်သွားပေလိမ့်မည်။ သူမ စိတ်ကို ဒုန်းဒုန်းချ၍ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ခုနစ်ဆယ် ရာခိုင်နှုန်းပေးမယ်။ ဒါပေမယ့် ကျွန်မအစ်မကို နောင်အနာဂတ်မှာ ဆေးညွှန်းမပေးတော့ပါဘူးလို့ ကျွန်မကို ရှင် ကတိပေးရမယ်"
လီယုံ ခေါင်းညိတ်၍ သဘောတူလိုက်သည်။ တကယ်တမ်းတွင် သူ့ကို ဒီလိုတောင်းဆိုနေစရာ မလိုပေ။ သူ ကုမ္ပဏီ စထောင်တော့မည် ဆိုကတည်းက ဟန်လူကို သူ ဆေးညွှန်း ထပ်ပေးတော့မည် မဟုတ်ပါ။
ထို့အတူ သူ ဟန်လူနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အရ သူက ဟန်လူအား ဆေးညွှန်းပေး၍ အပြန်အလှန်အနေဖြင့် ဟန်လူက သူ့ကို ပိုက်ဆံပေးမည်ဟု သတ်မှတ်ထားသည်။ ထို့အတူ ဆေးညွှန်း ဘယ်နှစ်ခုပေးမလဲဆိုတာကိုတော့ မသတ်မှတ်ထားပေ။
ဟန်ဖေး ပီတိဖြစ်သွားကာ လီယုံအား ပခုံးဖက်၍ ပြောလိုက်သည်။
"ကျွန်မတို့ ပူးပေါင်းတာကို အောင်ပွဲခံတဲ့အနေနဲ့ သွားသောက်ကြရအောင်လေ"
"မိန်းကလေး ခင်ဗျား အဆင်ပြေရဲ့လား။ နေ့အချိန်ကြီး အရက်သောက်မလို့လား"
လီယုံက သူမလက်မောင်းကို ဖယ်၍ စိတ်တိုစွာ ပြောလိုက်သည်။ ဟန်ဖေး အပျော်လွန်နေသော်လည်း အချိန်ကို သတိထားမိပါသည်။ နေ့အချိန် အရက်သောက်တာက မသင့်တော်သော်ငြားလည်း ထိုကဲ့သို့ ကိစ္စများကို သူမက အမြဲဂရုမစိုက်ပေ။
"အဲ့ဒါတွေကို မေ့ထားလိုက်စမ်းပါ၊ ကျွန်မ ရှင့်ကို တစ်ယောက်တည်း ထားခဲ့ပြီးတော့ စာချုပ်သွားပြင်လိုက်ဦးမယ်"
ထိုသို့ပြောပြီး သူမ ဆေးခန်းထဲမှ ပျော်ရွှင်စွာ ထွက်သွားသည်။ သူမ ထွက်သွားသည်ကို ကြည့်ပြီး လီယုံ သဘောကျမိသွားသည်။ သူမက သူမအစ်မဆီမှ လုပ်ငန်းကို ခိုးယူသွားသည့်အပြင် ပျော်ရွှင်စွာ ပြုမူနေသေးသည်။
သို့သော်လည်း ဒါက သူနှင့်မဆိုင်ချေ။ ဟန်ဖေး သတိပေးခဲ့သည့်အတွက် သူ သေချာတွေးလိုက်ပြီးနောက် ပရိဘောဂအသစ်များ ဝယ်ရန် ဆုံးဖြတ်လိုက်ပြီး တိုက်ခန်းမှ ပြောင်းရွှေ့ခြင်း မပြုတော့ဟု တွေးလိုက်သည်။ တိုက်ခန်းဆိုလျင် သူ ခဏတဖြုတ် ပြန်သွားလို့ရသည်။
တကယ်တမ်းတွင် ထိုတိုက်ခန်း၌ နေခြင်းက ကျန်းယွီရုံကို နာကျင်စေသလို သူသည်လည်း အခြေအနေကို ပိုဆိုးအောင် မလုပ်ချင်ပါ။
အစီအစဉ်ချပြီးနောက် လီယုံသည် ပစ္စည်းများ ဝယ်ယူရန် အဆောတလျင် ဖြစ်လာသည်။ ထိုစဉ် ယူနီဖောင်းနှင့် ယောကျ်ားနှစ်ယောက် ဝင်လာပြီး လှည့်ပတ်ကြည့်ပြီးနောက် လီယုံကို လှည့်ကြည့်ကာ မေးလာသည်။
"မင်းက လီယုံလား"
ရဲသားနှစ်ယောက်က အဘယ်ကြောင့် သူ့ကို လိုက်ရှာသလဲဆိုတာကို လီယုံ မသိပေ။ သူ လတ်တလောတွင်လည်း မတရားမဝင်တာဟူ၍ ဘာမျှ မလုပ်ထားခြင်းမရှိပါ။
ထို့ကြောင့် သူ ဟုတ်ကြောင်း ဝန်ခံလိုက်သည်။ ငြင်းဆန်၍လည်း အကျိုးမထူးချေ။ သူတို့ သူ့ဆီလာမှတော့ သူတို့ သူ့အား တစ်ခုခု စုံစမ်းချင်၍ ဖြစ်မည်။
လီယုံဆိုတာကို အတည်ပြုပြီးနောက် ရဲသားတစ်ယောက်က အသံကိုနှိမ့်၍ ပြောလာသည်။
"မင်းက ဆရာဝန်လိုင်စင်မရှိဘဲ ဆေးညွှန်းပေးလိုက်တယ်လို့ တိုင်တန်းခံထားရတယ်။ အခု မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"
ထိုသို့ပြောပြီး ထိုရဲသားက လက်ထိပ်ကို ထုတ်လာသည်။ ယခုအခါမှသာ လီယုံက ဘာတွေဖြစ်နေသလဲဆိုတာကို ရိပ်မိသွားသည်။ သူ့ကို ရဲတိုင်လိုက်သည့်သူက လူယုတ်မာ ဝမ်ကျန့်တုံပင် ဖြစ်မည်။ သို့သော် သူ့တွင် တကယ်လည်း ဆရာဝင်လိုင်စင် မရှိပါ။
သို့သော်လည်း သူက ထိုကိစ္စကို လုံးဝ မစိုးရိမ်ပါ။ တကယ်တမ်းတွင် ထိုကိစ္စကို သိသူဟူ၍ ဝမ်ကျန့်တုံနှင့် ဟန်လူတို့သာ ရှိသည်။ ထို့ပြင် ဟန်လူက သူနှင့် လုပ်ငန်း ပူးတွဲလုပ်ကိုင်မည် ဖြစ်သည့်အတွက် သူမက သူ့အပေါ် ဆိုးရွားသည့် ကိစ္စမျိုး သေချာပေါက် လုပ်မည်မဟုတ်ပါ။
သူ အသာတကြည် လက်ဆန့်ထုတ်ပေးလိုက်ပြီး ရဲသားနှစ်ယောက်နောက်မှလိုက်၍ ဆေးခန်းအပြင်သို့ ထွက်လာပြီး ရဲကားထံသို့ လျှောက်သွားလိုက်သည်။
ထိုစဉ် ပြိုင်ကားတစ်စီးက လျင်မြန်စွာ မောင်းနှင်လာပြီး ဆေးခန်းတံခါးဝ အရှေ့၌ ရပ်သွားသည်။ ကားတံခါး ပွင့်လာသောအခါ စွန်းချမ်းက ကားပေါ်မှ အလောတကြီး ဆင်းလာပြီး ယဲ့ဖန်ထံသို့ အော်ငို၍ ပြေးလာသည်။
"တန်ခိုးရှင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပါဦး"
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Viễn tưởngဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...